၃ စက်တင်ဘာ ၂၀၂၃

သွားတိုက်ဆေး၊ ချောကလက်၊အဝတ်လျှော်ဆပ်ပြာမှုန့်နှင့် အနံ့အသက်ပျောက်ဆေးခဲတွေစတဲ့ နေ့စဉ်လူသုံးပစ္စည်းတွေကို ယခုအခါ အမေရိကန်ရဲ့ လက်လီအရောင်းဆိုင်တွေမှာ တစ်နေ့တစ်ခြား သော့ခတ်ရောင်းချနေရတာ တိုးပွားလာနေတယ်လို့ အေအက်ဖ်ပီသတင်းကရေးသားပါတယ်။ ဒါဟာ လူနေမှုစရိတ်တွေ အမေရိကန်မှာ မြင့်တက်လာနေတာကို စားသုံးသူတွေ ရင်ဆိုင်နေရတဲ့အတွက် အသေးအဖွဲအလစ်သုတ်တဲ့သူတွေနှင့် ဂိုဏ်းဖွဲ့ပြီး အရောင်းဆိုင်တွေမှာ အုပ်စုလိုက်အလစ်သုတ်တာတွေ များ လာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီအလစ်သုတ်သူတွေများလာတာကြောင့်  အမေရိကန်ရဲ့ အထင်ကရ လက်လီကုန်စုံဆိုင်ကြီးတွေ ဖြစ်ကြတဲ့ ဝေါလ်မတ်နှင့် တားဂက်၊ ဆေးဆိုင်အရောင်းဆိုင်တွဲတွေဖြစ်တဲ့ စီဗွီအက်စ်နှင့် ဝေါဂရင်း၊ အိမ်အလှပြုပြင်ဆိုင်ဖြစ်တဲ့ ဟုမ်းဒီပို့တ်နှင့် ဖိနပ်ဆိုင် ဖု(တ်)လော့ကာတို့ဟာ စိုးရိမ်ပူပန်   နေကြပါ  တယ်။

“ လက်လီဆိုင်တော်တော်များများအပေါ်  ဂိုဏ်းဖွဲ့ခိုးယူကြတာနှင့် အလစ်သုတ်တာတွေ ရဲ့ အကျိုးသက်ရောက်မှုက ပိုမိုးဆိုးရွားလာနေပါတယ်” လို့ ဒစ်ခ် အားကစားပစ္စည်းလုပ်ငန်းက အမှုဆောင်အရာရှိချုပ် လောရင်းဟိုဘတ်က အေအက်ဖ်ပီကိုပြောပါတယ်။

ဒုတိယလေးလပတ်ရဲ့ ကုမ္ပဏီကုန်စာရင်းမှာ အလစ်သုတ်တာတွေရဲ့ အကျိုးဆက်က အတော့်ကို သက်ရောက်နေတယ် လို့လည်း သူမကဆက်ပြောပါတယ်။

“ ဒီနှစ်ပထမငါးလမှာ ကျွန်တော်တို့ရဲ့စတိုးဆိုင်တွေမှာ အကြမ်းဖက်မှု ဒါမှမဟုတ် အကြမ်းဖက် ခြိမ်းခြောက်မှုတွေနှင့်တွဲပြီး အလစ်သုတ်တာတွေဟာ ၁၂၀ ရာခိုင်နှုန်း တိုးပွားလာတယ်” လို့ တားဂက် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘရီယန်ကော်နယ်လ်ကလည်း ပြောပါတယ်။

“ ကျွန်တော်တို့အဖွဲ့ဟာ လက်လီဆိုင်အလစ်သုတ်တာတွေနှင့် ဂိုဏ်းဖွဲ့အလစ်သုတ်မှုခင်းကျူးလွန် တာတွေကို လက်မခံနိုင်စရာ ပမာဏတစ်ခုအထိ ဆက်ရင်ဆိုင်နေကြရဦးမှာပဲ” လို့ သူကဖြည့်စွက် ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၈လက အတိုးနှုန်းတွေဟာ သုညနားကပ်နေရာကေန ၅.၅ ရာခိုင်နှုန်းဝန်းကျင်မြင့်တက် လာပြီး ဒါဟာ ၂၂နှစ်အတွင်း အမြင့်မားဆုံး အဆင့်ရောက်လာတာပါ။ မူဝါဒချမှတ်သူတွေဟာ ငွေကြေးဖောင်းပွမှုကို ဘယ်လိုတိုက်ဖျက်ရမယ်ဆိုတာ နည်းလမ်းရှာနေပါတယ်။

ချေးငှားစရိတ်တွေမြင့်တက်လာတာကြောင့် ကုမ္ပဏီတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေတိုးချဲ့ဖို့ ဈေးတွေပိုကြီးလာတာနှင့်ရင်ဆိုင်နေကြရပါတယ်။စားသုံးသူတွေဟာလည်း အသုံးအစွဲကျုံလာ နေကြပါတယ်။

အမျိုးသားလက်လီလုပ်ငန်းဖက်ဒရေးရှင်းရဲ့ ၂၀၂၂ လက်လီလုပ်ငန်းလုံခြုံရေးဆန်းစစ်ချက်အရ လက်လီလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာတင် အမေရိကန်ဒေါ်လာ ၉၄.၅ ဘီလျံ ဆုံးရှုံးခဲ့ကြတယ်လို့ဆိုပါတယ်။

လက်လီလုပ်ငန်းတွေကျုံလာရတဲ့အထဲမှာ  ဝန်ထမ်းတွေခိုးတာ၊ ပစ္စည်းအလစ်သုတ်တာတွေနှင့် အုပ်ချုပ်မှု အမှားတွေကြောင့်လည်း ပါဝင်ပါတယ်။

အဲဒါတွေကြောင့် စတိုးဆိုင်တွေဟာ ဒိုးယိုပေါက်မြင်ရတဲ့ နံရံတွေကို တပ်ဆင်လာရပြီး ပစ္စည်း စင်တွေကိုလည်း သော့တွေတွဲခတ်ထားရပါတယ်။ တစ်ခါတစ်ခါဆို ရေခဲသေတ္တာနှင့်ချိန်းကြိုးတွေ တွဲချိတ်သော့ခတ်တာတွေပါလုပ်ဆောင်ကြရပါတယ်။ ပြီးတော့မင်းလမ်းတွေမှာ ဝန်ထမ်းတွေ အတွက် လူခေါ်ဘဲလ်ခလုတ်တွ ပြန့်ကျဲတပ်ဆင်ထားနေရတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။

ဒါပေမယ့် ဒီလိုလုံခြုံမှုအစီအမံဟာ ထိရောက်တဲ့ကာကွယ်မှုမပေးနိုင်သေးပါဘူး။

ဇွန်လတုန်းက နယူးယောက်ပြည်နယ်၊ကွင်းစ်က ဝေါဂရင်း ဆိုင်ခွဲတစ်ခုမှာ ခေါင်းစွပ်ဂျာကင်   ဝတ်ထားပြီး နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတစ်ဦးဟာ ဈေးဝယ်တွေနှင့် ဝန်ထမ်းတွေ မျက်စေ့အောက်မှာတင် မီးမှုတ်စက် blowtorch ကို အသုံးပြုပြီး သော့အိမ်ကို အရည်ဖျော်ပြီး ပစ္စည်းတွေကို အိတ်ထဲထည့် ပိုက်ဆံမရှင်းဘဲ ထွက်သွားခဲ့ပါတယ်။

အချို့လက်လီဆိုင်တွေက အန္တရာယ်ပြုလာမှာကို စိုးရိမ်တဲ့အတွက် အကယ်၍ အလစ်သုတ်တာတွေတွေ့ရင် အဲဒီသူတွေကို ဘာမှ မနှောက်ယှက်နှင့်၊ရဲကိုလည်းမခေါ်နှင့်လို့ မှာထားတယ်လို့ မီဒီယာသတင်းတွေကဆိုပါတယ်။

အချို့ကတော့ ဆိုင်အချို့ကိုပိတ်ပစ်ဖို့စဉ်းစားနေကြပါတယ်။ ဂျိုင်းယန့်လုပ်ငန်းဟာ အလစ်သုတ်မှုနှင့်အကြမ်းဖက်မှုတွေ သိသိသာသာဆိုးရွားနေတဲ့ ဝါရှင်တန်က စူပါမားကက်တစ်ခုကို ပိတ်ဖို့ အတော်ကြီးကို စဉ်းစားနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လုပ်ငန်းလည်ပတ်ဖို့ အတော်ခက် တယ်လို့ အဲဒီလုပ်ငန်းရဲ့ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကိုပြောပါတယ်။

ဝေါဂရင်းဟာ အလစ်သုတ်မှုတွေကြောင့် အမြတ်မထွက်နိုင်တော့လို့  ၂၀၂၁ ခုနှစ်တုန်းက ဆန်ဖရန်စစ္စကိုက ဆိုင်ငါးဆိုင်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ဝေါမတ်ဟာ ဆိုင်လေးဆိုင်ပိတ်ခဲ့ရပါတယ်။

“ဒီနှစ်နည်းနည်းလျော့သွားတယ်၊မနှစ်က တိုးလာတယ်။ တစ်နိုင်ငံလုံးတော့ မတူကြဘူး” လို့ ဝေါမတ်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဂျွန်ရိန်းနေက အေအက်ဖ်ပီကိုပြောပါတယ်။

လျှပ်တစ်ပြက်လုယူမှုတွေဖြစ်တဲ့ အုပ်စုလိုက် စတိုးဆိုင်ကို ဝုန်းခနဲရောက်ချလာပြီး ပစ္စည်းတွေ ရသလောက်ကောက်ထည့်ပြီးထွက်ပြေးသွာတာမျိုးတွေကိုလည်း အွန်လိုင်းမှာ ပို့စ်ရေးတင်သူတွေ ရှိနေကြပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့က လော့အိန်ဂျလိမှာရှိတဲ့ နော့ဒ်စတုမ်းစတိုးဆိုင်မှာ  နှာခေါင်းစည်းတပ်ဆင်ထားတဲ့ လူ၃၀ ဦးခန့်က တန်ဖိုးကြီး ပစ္စည်းတွေ ဒေါ်လာ သုံးသိန်းဖိုးခန့်ကို အလစ်သုတ်ကာ အစောင့်ကိုလည်း စပရေးနှင့်ပက်သွားတယ်လို့ ရဲကပြောပါတယ်။

Source AFP