၂၉ ဩဂုတ် ၂၀၂၃

တိုယိုတာမော်တော်ကားကုမ္ပဏီဟာ  ထုတ်လုပ်ရေးစနစ်ချို့ယွင်းသွားတဲ့အတွက်  ဂျပန်မှာရှိတဲ့ ယင်းရဲ့ ကားထုတ်လုပ်စက်ရုံ (၁၄)ရုံ အားလုံးကို အင်္ဂါနေ့က ကားထုတ်လုပ်မှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ အရောင်းရဆုံးကားထုတ်လုပ်သူရဲ့ ပြည်တွင်းထုတ်လုပ်မှုတွေ ရပ်တန့်သွားရပါတယ်။

အဲဒီချို့ယွင်းမှုဟာ တိုယိုတာကို အစိတ်အပိုင်းတွေမှာယူတဲ့အလုပ်ကိုဟန့်တားထားတာဖြစ်လို့  ချို့ယွင်းမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။  ဒါပေမယ့် ဒါဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုတော့ ဖြစ်ဟန်မတူဘူးလို့ တိုယိုတာရဲ့ပြောရေးဆိုခွင့်ရသူကပြောပါတယ်။

တိုယိုတာဟာ ယင်းရဲ့ ပြည်တွင်းစက်ရုံ ၁၂ ရုံရဲ့ထုတ်လုပ်မှုကို အင်္ဂါနေ့မနက်ကရပ်ခဲ့ပြိးနောက် ညနေပိုင်းမှာ နောက်ထပ် ကျန်တဲ့ (၂)ရုံကိုပါ ဆက်တိုးပြီးရပ်ခဲ့တာပါ။ စက်ရုံတွေအားလုံးရပ်လိုက်ရလို့ ထုတ်လုပ်မှု ဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ သိပ်မရှင်းလင်းပါဘူး။

ဒီစက်ရုံတွေဟာ တိုယိုတာရဲ့ ကမ္ဘာ့ထုတ်လုပ်မှုအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ရှိတယ်လိုတော့ ရိုက်တာသတင်းဌာနက တွက်ချက်ထားပါတယ်။

ပထမနှစ်ဝက်မှာ ဂျပန်ရဲ့ ထုတ်လုပ်မှုဟာ နေ့စဉ်ကားအစီးရေ ၁၃၅၀၀ ခန့်ရှိတယ်လို့ ရိုက်တာက ခန့်မှန်းတွက်ချက် ထားပါတယ်။ အဲဒီအထဲမှာ တိုယိုတာအုပ်စုထဲပါတဲ့ ဒိုင်ဟတ်ဆုနှင့် ဟီးနိုးတွေကို ထည့်တွက်မထားပါဘူး။

မနှစ်ကတော့  ကားပစ္စည်းအစိတ်အပိုင်းပေးပို့တဲ့ ကုမ္ပဏီတစ်ခု ဆိုက်ဘာအတိုက်အခိုက်ခံရလို့ တစ်ရက်တာ ထုတ်လုပ်မှုရပ်ဆိုင်းပေးခဲ့ရဖူးပါတယ်။

Source Reuters