၂၉ ဩဂုတ် ၂၀၂၃

တောင်ကိုရီးယားရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကိုရီးယားလေကြောင်းလိုင်း Korean Air ဟာ လေယာဉ်ပျံသန်းမှု အန္တရာယ်ကင်းရှင်းရေးအတွက် ခရီးသည်သယ်ဆောင်မယ့် ပစ္စည်းတွေနှင့်အတူ ခရီးသည်ကိုပါ ကိုယ်အလေးချိန် ချိန်တွယ်မယ်လို့ သူ့ရဲ့ ဝက်ဘ်ဆိုက်မှ ကြေညာခဲ့ပါတယ်။

ဇွန်လမှာ နယူးဇီလန်လေကြောင်းလိုင်းက အလားတူသတ်မှတ်ကြေညာခဲ့ပြီးနောက် ကိုရီးယားလေကြောင်းကလည်း ကြေညာခဲ့တာပါ။

ဆိုးလ်မြို့တော်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ အလုပ်အရှုပ်ဆုံးလေဆိပ်နှစ်ခုစလုံးကနေ ထွက်ခွာမယ့် ခရီးသည်တွေကို ကိုယ်အလေးချိန်တိုင်းတဲ့ စက်ပေါ်တက်ခိုင်းမှာဖြစ်ပါတယ်။ ဂင်ပိုလေဆိပ်မှ ပြည်တွင်းသွားခရီးသည်တွေဟာလည်း ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁၉ အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံကြရမှာဖြစ်ပါတယ်။ အလားတူ အင်ချီယွန် လေဆိပ်မှထွက်ခွာမယ့်ခရီးသည်တွေလည်း စက်တင်ဘာ ၈ရက်မှ ၁၉ ရက်အထိ ကိုယ်အလေးချိန်ချိန်တွယ်ခံရမှာ လို့ သတင်းမှာဖော်ပြထားပါတယ်။

ကိုရီးယားအလံတပ် လေယာဉ်လိုင်းတွေအားလုံးဟာ အတူသယ်အိတ်များနှင့်အတူ ခရီးသည်ရဲ့ကိုယ်အလေးချိန်ကိုပါ ချိန်တွယ်ကြဖို့ ကိုရီးယား မြေ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။ “ လေယာဉ်ရဲ့ အလေးချိန်နှင့် ညီမျှမှု စံချိန်စံနှုန်းများအရ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီလိုဆောင်ရွက်ရတာဟာ လေယာဉ်မှာ ဝန်ဖြန့်ကျက်မှုကို ဆုံးဖြတ်ရာမှာ အထောက်အကူပြုစေဖို့ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် တွက်ချက်ရတာဖြစ်ပါတယ်။ ဇွန်လတစ်လလုံးမှာလည်း နယူးဇီလန်လေကြောင်းလိုင်းမှာ စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေကို လေယာဉ်မတင်ခင် ကိုယ်အလေးချိန်ချိန်ခဲ့ကြရပါတယ်။

ဒါဟာ လေယာဉ်ဘေးကင်းစိတ်ချရစွာနှင့်စွမ်းရည်ပြည့်စွာ မောင်းနှင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ဆောင်ရွက်မှုဖြစ်တယ်လို့ နယူးဇီလန်လေကြောင်းလိုင်းကပြောပါတယ်။

လေယာဉ်မတင်ခင် ခရီးသည်တိုင်းကို ကိုယ်အလေးချိန်ချိန်တာဟာ လေယာဉ်ရဲ့ဘေးကင်းမှုကို တိုးတက်စေတယ်လို့ အင်ဒီပင်းဒန့် သတင်းစာကရေးပါတယ်။  လက်ရှိမှာ လေကြောင်းလိုင်းတွေဟာ လေယာဉ်တစ်ခုလုံးရဲ့ အလေးချိန်ကို တွက်ရာမှာ ခရီးသည်အားလုံးရဲ့ အလေးချိန်ကို ပျှမ်းမျှမှန်းဆထည့်သွင်းနေကြတာဖြစ်ပါတယ်။

Source Independent