#World_Politics
Published 28 August 2023


ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲမှာ အမ်မာဆန်နန်ဂါဂွာက ထပ်မံအနိုင်ရခဲ့ပြီးနောက် အတိုက်အခံ ခေါင်းဆောင်က သူ့ကို အကြီးအကျယ် လိမ်လည်မှုကြီး ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲလိုက်ရာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့သူတွေ အနေနဲ့ တရားရုံးမှာ ဖြေရှင်းဖို့ နန်ဂါဂွာက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အသက် ၈၀ ရှိပြီဖြစ်တဲ့ နန်ဂါဂွာက ထောက်ခံမဲရရှိမှု ၅၂.၆ ရာခိုင်နှုန်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ကာ အတိုက်အခံ CCC ပါတီခေါင်းဆောင် နယ်လ်ဆင်ခါမီဆာကတော့ ၄၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

 

CCC ပါတီက ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘူးလို့ ခါမီဆာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

အတိုက်အခံပါတီက အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းချင်ကြောင်း ဆိုလိုက်ကာ ရွေးကောက်ပွဲရလဒ်ကို တရားရုံးမှာ ရင်ဆိုင်သွားမလား ဆိုတာကိုတော့ မဖြေကြားခဲ့ပါဘူး။

 

ရွေးကောက်ပွဲရလဒ် ပြောင်းလဲနိုင်ဖို့ နောက်ထပ် ၅ နှစ် စောင့်ဆိုင်းမှာမဟုတ်ဘဲ အခုချက်ချင်း ပြုလုပ်မယ်လို့ ခါမီဆာက သတင်းထောက်များနဲ့ ပါတီမှ တာဝန်ရှိသူများကို ပြောကြားလိုက်ပါတယ်။

 

စောင့်ကြည့်ရေးအဖွဲ့  ၂  ဖွဲ့ရဲ့ ပြောကြားချက်အရ ရွေးကောက်ပွဲရလဒ်များကို အတည်ပြုစစ်ဆေးခြင်း မပြုနိုင်စေရန် ရဲတွေက အချက်အလက် စင်တာများကို ဝင်စီးပြီး ဝန်ထမ်းတွေနဲ့ လုပ်အားပေးများကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

 

ဒီဖြစ်ရပ်က ရွေးကောက်ပွဲဖြစ်စဥ်ကြီး တစ်ခုလုံးအပေါ် အရိပ်မည်းကြီး ထင်စေကြောင်း ရွေးကောက်ပွဲ သတင်းရင်းမြစ်စင်တာနဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲ အထောက်အပံ့ကွန်ရက်တို့မှ ထုတ်ပြန်ထားပါတယ်။

 

ဒေသတွင်းအဖွဲ့အစည်း SADC နဲ့ အာဖရိကသမဂ္ဂတို့မှ စောင့်ကြည့်ရေးများကလည်း ရွေးကောက်ပွဲဖြစ်ရပ်ကို ဝေဖန်လိုက်ပါတယ်။

 

ဒီရွေးကောက်ပွဲဟာ ဆယ်စုနှစ် ၄ ခုကျော်ကြာအောင် အာဏာရနေခဲ့တဲ့ ZANU-PF ပါတီကို အလွန်အလေးပေးသလိုဖြစ်နေကြောင်း လေ့လာဆန်းစစ်သူများနဲ့ စောင့်ကြည့်ရေးများက ဆိုလိုက်ပါတယ်။

 

ZANU-PF ပါတီကတော့ သူတို့ဟာ မမျှမတဖြစ်လောက်အောင် အားသာချက်မျိုး ရှိမနေကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းတာမျိုး မရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။

 

နန်ဂါဂွာဟာ ၂၀၁၇ ခုနှစ်က ပထမအကြိမ် သမ္မတဖြစ်လာခဲ့ကာ သူ့လက်ထက်မှာ ငွေကြေးဖောင်းပွခြင်း၊ တိုင်းပြည်ငွေကြေးပြတ်လပ်ခြင်း၊ အလုပ်လက်မဲ့ အလွန်များပြားခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ZANU-PF မှ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖာမူစွမ်ဂွာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေမယ့်အစား အစိုးရအုပ်ချုပ်မှုပိုင်းကိုပဲ အာရုံစိုက်သွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။

 

Source: Reuters
#World_Politics #ဇင်ဘာဘွေ #အတိုက်အခံခေါင်းဆောင်