၂၈ ဩဂုတ် ၂၀၂၃

အိန္ဒိယနိုင်ငံအတိုင်းပဲ မြန်မာနိုင်ငံက ဆန်တင်ပို့မှု နှစ်လတာရပ်ဆိုင်းမယ်ဆိုတဲ့အတွက် ကမ္ဘာ့ဆန်ဈေးနှုန်း  ဆက်လက် မြင့်တက်သွားပြီး ထိုင်းဆန်ဈေးနှုန်းဟာ တစ်တန်ကို ဘတ်ငွေ ၁၂၀၀၀ အထိ တက်သွားတယ်လို့ နေရှင်းသတင်းစာ  ရဲ့သတင်းအရ သိရပါတယ်။

အိန္ဒိယနိုင်ငံဟာ ဇူလိုင် ၂၀ရက်ကစပြီး ဆန်အများစုကို ပြည်ပတင်ပို့မှုရပ်ဆိုင်းခဲ့ပါတယ်။ အဲဒါကြောင့် အခြားသော ဆန်တင်ပို့နေတဲ့ နိုင်ငံတွေကလည်း အလားတူလုပ်လာကြမှာကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ကြပြီး ကမ္ဘာ့ဆန်ဈေးကွက်ကို မတည်မငြိမ်စေခဲ့ပါတယ်။ နိုင်ငံတော်တော်များများက အိန္ဒိယနိုင်ငံကို ဆန်ကို ခွဲတမ်းနှင့်ရောင်းချပေးဖို့ မေတ္တာရပ်ခံတာ တွေလည်းရှိနေပါတယ်လို့ နေရှင်းသတင်းမှာဖော်ပြထားပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ နေရာ ယူထားပါတယ်။ အဲဒါကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် အကြီးအကျယ်ရိုက်ခတ်နေတာဖြစ်ပါတယ်။ အခြားသော ဆန်တင်ပို့တဲ့ အဓိကနိုင်ငံတွေက ထိုင်း၊ဗီယက်နမ်၊ပါကစ္စတန်နှင့် အမေရိကန်တို့ဖြစ်ကြပြီး အိန္ဒိယရဲ့ ဆန်တင်ပို့မှု အစိတ်အပိုင်းတစ်ခုပိတ်ပင်မှုကြောင့် အဲဒီနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်မှုတွေရှိလာနေတာပါ။

ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ချိူကီယတ်အိုဖတ်စ်ဝန်ဆီက “ လက်ရှိ ဆန်ဈေးနှုန်းအခြေအနေဟာ ရောင်းသူတွေကို ဈေးနှုန်းအတိအကျနှင့်ရောင်းဖို့ စိန်ခေါ်သလိုဖြစ်နေတယ်” လို့ ပြောပါ တယ်။ အဲဒီလိုဖြစ်နေရတဲ့အထဲ မြန်မာနိုင်ငံက ထပ်မံပြီး ဆန်တင်ပို့မှု ပိတ်ပင်တာကြောင့် ပိုမသေမချာအခြေအနေ ဖြစ်သွားရတယ်လို့ ပြောပါတယ်။

ကုန်သည်တွေဟာ အိန္ဒိယအနေနှင့် ဘယ်နိုင်ငံတွေကိုဆန်ရောင်းမယ်လို့ဆုံးဖြတ်လဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကမ္ဘာ့ဆန်ဈေးအပေါ်ရိုက်ခတ်မှုရှိမှာကြောင့်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ တတိယဆန်တင်ပို့မှုအများဆုံး ဗီယက်နမ်နိုင်ငံကတော့ သူတို့အနေနှင့် ဆန်ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် အခြားသော ဆန်တင်ပို့တဲ့နိုင်ငံတွေ ဘာလုပ်မယ်ဆိုတာတွေကြည့်နေရ တာကြောင့် ဈေးကွက်မသေချာမှုတွေက ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန်(၈)သန်းတင်ပို့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ် လို့သူကပြောပါတယ်။ဒါပေမယ့် အဓိကဆန်တင်သွင်းနေတဲ့ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားလိုနိုင်ငံတွေက အိန္ဒိယကနေ ဆန် ဝယ်လို့ရသွားရင် ထိုင်းဆန်တင်ပို့မှုဟာ မှန်းသလောက်ဖြစ်မလာနိုင်ဘူးလို့ သူကပြောပါတယ်။

Source: The Nation