၂၀ ဩဂုတ် ၂၀၂၃

BRICS နိုင်ငံတွေဟာ လာမယ့်အင်္ဂါနေ့ကျရင် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့တော်မှာ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးပြုလုပ်ကြပါလိမ့်မယ်။ BRICS ဆိုတာက ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတွေရဲ့ထိပ်ဆုံးစာလုံးတွေကို ပေါင်းစပ်ထားတဲ့ အတိုကောက်အမည်ဖြစ်ပါတယ်။

BRICS ဟာ ကမ္ဘာ့ GDP စုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းကို ကိုယ်စားပြုထားပြီး ကမ္ဘာ့လူဦးရေးစုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်းလည်း ရှိပါတယ်။ သူတို့ဟာ ကမ္ဘာ့ရေးရာမှာ အနောက်စီးပွားရေးကြီးစိုးမင်းမူနေမှုတွေ လျော့ပါးသွားစေဖို့ ကြိုးစားနေကြပါတယ်။

အောက်မှာ BRICS နှင့်ပတ်သက်လို့ သိကောင်းစရာ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

#၁။ကမ္ဘာ့အစီအစဉ်အသစ်လား

၂၀၀၉ခုနှစ်မှ တရားဝင်စတည်ထောင်ခဲ့တဲ့ ထွန်းသစ်စစီးပွားရေးအုပ်စု BRICS ဟာ အဖွဲ့ဝင်နိုင်ငံအလိုက် အလှည့်ကျ နှစ်စဉ်အိမ်ရှင်အဖြစ် ထိပ်သီးအစည်းအဝေးကျင်းပပေးရပါတယ်။

အစည်းအဝေးတွေဟာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့နှင့် ဆက်ဆံရေးမှာ သူတို့ရဲ့ အနေအထားကို အခိုင်အမာ ဖြစ်စေဖို့ရည်ရွယ်ထားရှိပါတယ်။

BRICS ဟာ စီးပွားရေးနှင့်နိုင်ငံရေး ထိန်းညှိမျှခြေရှိမှုနှင့်အတူ ဝင်ရိုးစုံ ကမ္ဘာ့အစီအစဉ်ကို အသိအမှတ်ပြုမြှင့်တင်ပေးပါတယ်။  ဒုတိယကမ္ဘာစစ်ကာလအလွန် တည်ထောင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တွေလို အဖွဲ့အစည်းတွေနေက ခွဲထွက်ဖို့ရည်မှန်းပါတယ်။

#၂။မြင့်မြင့်မှန်းသည့် BRICS

BRICS ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယတို့က မောင်းနှင်ပေးပြီး အခုဆို အဖွဲ့ဟာ တိုးချဲ့ဖို့လမ်းဖွင့်ထားပါပြီ။ BRICS အဖွဲ့ဝင်ဖို့ နိုင်ငံပေါင်း ၂၃ နိုင်ငံက လျှောက်ထားပြီးပါပြီ။ အဲဒီအရေအတွက်လောက် ရှိတဲ့ အာဂျင်တီးနား၊ အီသီယိုပီးယား၊အီရန်နှင့်ဆော်ဒီအာရေဗျအပါအဝင် အခြားနိုင်ငံတွေကလည်း စိတ်ဝင်စားကြောင်းဖော်ပြဆက်သွယ်နေပါတယ်။

အဖွဲ့ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုကတော့ အသစ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် New Development Bank ကို ၂၀၁၅ခုနှစ်မှာ ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီဘဏ်ဟာ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ရဲ့ အခြားအစားထိုးဘဏ်တစ်ခုအဖြစ် ရည်မှန်းတည်ထောင်ထားပါတယ်။

ရှန်ဟိုင်းမှာ ရုံးချုပ်ဖွင့်ထားတဲ့ အဲဒီဘဏ်ဟာ စတင်တည်ထောင်ကတည်းက ယခုအထိ အဖွဲ့ဝင်နိုင်ငံတွေနှင့် အခြားသော ဖွံဖြိုးဆဲစီးပွားရေးနိုင်ငံတွေရဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ဒေါ်လာ ၃၀ဘီလျံအထိ ရင်းနှီးမြှပ်နှံမှုလုပ်ထားပြီးပါပြီ။

#၃။ပူတင်အရေးကိစ္စ

ရုရှားသမ္မတ ဗလက်ဒီမီယာပူတင်ကို အိမ်ရှင်တောင်အာဖရိကသမ္မတ ဆိုင်ရီလ်ရမ်မာဖိုဆာက ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားပြီးနောက် ထိပ်သီးအစည်းအဝေးကြိုတင်ပြင်ဆင်မှုတွေမှာ သံတမန်ရေးရာတင်းမာမှုတွေ မြင်တွေ့လာရပါတယ်။

နောက်ဆုံးမှာတော့ ပူတင်ကို ထိပ်သီးအစည်းအဝေးကို ဗွီဒီယိုအွန်လိုင်းကနေပဲ တက်ရောက်မယ်လို့ တောင်အာဖရိကနိုင်ငံက ကြေညာခဲ့ပါတယ်။

စစ်အေးတိုက်ပွဲအတွင်း အာဏာရတောင်အာဖရိကပါတီ အေအင်န်စီဟာ ရုရှားနှင့်ဆက်ဆံရေးမကောင်းခဲ့ပေမယ့် ယူကရိန်းပြဿနာမှာ ရုရှားကို ရှုတ်ချဖို့ သူတို့က ငြင်းဆန်ခဲ့ပါတယ်။

#၄။ဒေါ်လာကိုဆွဲချခြင်း

 BRICSနိုင်ငံ (၅)နိုင်ငံရဲ့ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ဟာ နိုင်ငံတကာကုန်သွယ်မှုစုစုပေါင်းရဲ့ ၁၈ရာခိုင်နှုန်းအထိရှိနေပါတယ်။ အဲဒီကုန်သွယ်မှုမှာ အများဆုံးက ဒေါ်လာနှင့်ရောင်းဝယ်နေကြတာဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ကြီးစိုးမင်းမူနေမှုတွေကြောင့် အဖွဲ့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ သူတို့ဟာ ဒေါ်လာမှီခိုမှုကနေ လွတ်မြောက်ဖို့ပါ။

အဖွဲ့ဟာ ကုန်သွယ်ရေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ငွေကြေးတွေ တိုးမြှင့်သုံးစွဲဖို့ အားပေးထောက်ခံထားကြပါတယ်။ ရေရှည်မှာတော့ သူတို့ဟာ ဘုံငွေပေးချေမှုစနစ်တစ်ခု တည်ဆောက်ဖို့ရှိနေပါတယ်။ ဘရာဇီးနှင့်တရုတ်တို့ဟာ ယခုနှစ် စောစောပိုင်းမှာ သူတို့နှစ်နိုင်ငံအကြားကုန်သွယ်ရေးမှာ ပြည်တွင်းသုံးငွေတွေနှင့်ပေးချကြဖို့ သဘောတူညီချက်လက်မှတ် ရေးထိုးကြပြီးဖြစ်ပါတယ်။

#၅။တက္ကသိုလ်အဆင့်သတ်မှတ်ခြင်း

ပြီးခဲ့တဲ့လက BRICS ပညာရေးဝန်ကြီးတွေဟာ အစည်းအဝေးတစ်ခုကျင်းပပြီး BRICS ရဲ့ ကိုယ်ပိုင် နိုင်ငံတကာ တက္ကသိုလ်အဆင့်အတန်းသတ်မှတ်ရေးဆောင်ရွက်ဖို့ ရည်ရွယ်ထားရှိကြောင်းကြေညာခဲ့ကြပါတယ်။

ရုရှားတက္ကသိုလ်တွေဟာ လက်ရှိ နိုင်ငံတကာတက္ကသိုလ်အဆင့်အတန်းသတ်မှတ်တဲ့အထဲကနေ ဖယ်ထုတ်ခံရတာဟာ နိုင်ငံရေးကိစ္စကြောင့် ဖြစ်တယ်လို့ ရုရှားက ယုံကြည်ထားတာဖြစ်ပါတယ်။

Source: The Times of India /AFP