1 November 2021

ကိုယ်ဝန်ဆောင်နေစဉ် ဒါမှမဟုတ် နို့တိုက်နေစဉ်မှာ mRNA ကိုဗစ်ကာကွယ်ဆေး ပထမအလုံးကိုထိုးလိုက်တဲ့ အမျိုးသမီးတွေဟာ အကာအကွယ်ပေးနိုင်မှုပုံမှန်အထိရရှိစေဖို့ ဒုတိယဆေးအလုံးဆက်ထိုးဖို့လိုအပ်တယ်လို့ သုတေသနပြုချက်အသစ်အရသိရပါတယ်။

သုတေသနမှူးတွေဟာ မိုဒါနား ဒါမှမဟုတ် ဖိုက်ဇာကာကွယ်ဆေးတွေရဲ့ ခုခံအားပြန်လည်တုန့်ပြန်မှုတွေကို  ကိုယ်ဝန်ဆောင် ၈၄ဦး၊နို့တိုက်မိခင် ၃၁ဦးနှင့် အသက်ကာလအပိုင်းအခြားတူ ကိုယ်ဝန်မဆောင် နို့မတိုက်အမျိုးသမီး ၁၆ဦးတို့ဆီကနေ နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြပါတယ်။

ပထမဆေးတစ်လုံးထိုးပြီးတဲ့အခါ လူတိုင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်တဲ့ ပဋိပစ္စည်း တွေထွက်လာကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင်တွေဆီမှာရှိတဲ့ ပဋိပစ္စည်းကတော့ နိမ့်ပါးနေပါတယ်။

အခြားသော ခုခံအားတုန့်ပြန်မှုတွေကလည်း သူတို့ဆီမှာ နည်းနေပါတယ်။ဒါပေမယ့် ဒုတိယဆေးတစ်လုံးထိုးပြီးတဲ့အခါ မှာတော့ သူတို့ဟာ ပုံမှန်အတိုင်းအတာအထိပြန်ရောက်လာတာကိုတွေ့ကြရပါတယ်။

Science Translational Medicine ဂျာနယ်မှာပြီးခဲ့တဲ့အပတ်ကထုတ်ဝေတဲ့ အစီရင်ခံစာတစ်စောင်မှာ  မိခင်ရဲ့ခန္ဓာကိုယ်က သန္ဓေသားကို အာဟာရပေးဖို့အတွက် ကိုယ်ဝန်ဆောင်စဉ်တလျောက်  များပြားတဲ့ ရောဂါခုခံအားပြောင်းလဲမှုတွေဖြစ်လာရတာလို့ ရှင်းပြထားပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မှုဟာ  ကာကွယ်ဆေးကို တုန့်ပြန်တဲ့ ခုံခံအားကို အပြောင်းအလဲဖြစ်စေတာ တွေ့ရှိကြရပါတယ်။

ကိုဗစ်-၁၉ကြောင့်ရောဂါတွေရှုပ်ထွေးလာမှုတွေဟာ ကိုယ်ဝန်ဆောင်သည်တွေမှာ အန္တရာယ်မြင့်မားတဲ့အတွက် အချိန်အတိုင်းအတာတစ်ခုနှင့် ဒုတိယမြောက်ကာကွယ်ဆေးတစ်လုံးကို ထိုးဖို့ မဖြစ်မနေလိုအပ်တယ်လို့ သုတေသနမှူးတွေက ပြောကြပါတယ်။

Source: Reuters