#Local_New
Published_ 13 November 2022


၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါတယ်။

 

နစကဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန်၊ ကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏လူမှုစီးပွားဘဝဖွံ့ဖြိုး ရေးကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပြီး နေပြည်တော်နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့် တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွဲ့စည်းတည်ထောင်ပေးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့်မားသည့် သင်ကြား သင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင် ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS) ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

နေပြည်တော်နည်းပညာတက္ကသိုလ်သည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်တွင် တည်ရှိကာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စာကြည့်တိုက်နှင့် Elibary တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group