#Local_News
Published_12 November 2022

 

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပြောင်းတင်ပို့မှုများပြားနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ နှံစားပြောင်း၊ ပြောင်းတို့ကိုအဓိကထားတင်ပို့လျှက်ရှိပြီး ဝဥအစို၊ ဝဥအခြောက်၊ (ရော်ဘာကြမ်း) တို့ကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ယခုရက်ပိုင်းအတွင်း ပြောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပြောင်းတင်ပို့မှုမှာ များပြားနေကြောင်း၊ ယင်းအပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်ဆောင်ရွက်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅၅ သန်းရရှိထားကြောင်းစာရင်းများအရ သိရသည်။

 

သွင်းကုန်တင်သွင်းမှုအနေဖြင့် စားသောက်ကုန်၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းတို့ကို အဓိကတင်သွင်းလျက်ရှိပြီး ယခုတစ်ပါတ်အတွင်း အိမ်ရိုက်သံ၊ သံပိုက်၊နန်းခွေ၊ အပင်ပိုးသတ်ဆေးများ၊ မြေဆီ၊ စောင်၊ ကြွေပြား၊ စက်ဘီးအပိုပစ္စည်းများ၊ စက်အပို ပစ္စည်း များ၊ ကြက်အူချောင်း၊ စတီးချိုင့်၊ စတီးလင်ဗန်း၊စတီးဇွန်း/ခက်ရင်း၊ စတီးဇလုံ၊စတီးခွက်၊ ကော်စေ့များ စသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးနှင့်ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို အများဆုံးတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group