#Local_News
Published _ 11 november 2022

 

ထိုင်းကိုလာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အပြန်လေယာဉ်လက်မှတ်များ၊ တည်းခိုမည့်နေရာများကို အတိအကျ စီစဉ်ပြီးမှ လာကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ယမန်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံသို့ သွားရောက်ကြသည့် မြန်မာနိုင်ငံသားအချို့အသွား၊ အပြန်လေယာဉ်လက်မှတ်နှင့်အတူ သတ်မှတ်ထားသည့် ငွေကြေးပမာဏယူဆောင်သွားသော်လည်း တည်းခိုမည့်နေရာ အတိအကျ မပါဘူးဟုဆိုကာ လေဆိပ်အတွင်း ထိန်းသိမ်းခံရပြီးနောက် ယခုလိုမျိုး ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသားများအနေနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှ တစ်ဆင့်အလည်အပတ်ခရီး လာရောက်လျှင် အပြန်ခရီးစဉ် လေယာဉ်လက်မှတ်၊ လူပုဂ္ဂိုလ်တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ ထိုင်းနိုင်ငံမှာ တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှု အထောက်အထား၊ ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုလျှင် မိတ်ဆွေမှ ဖိတ်ကြားထားသောစာ (ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ဒါ့အပြင် လေဆိပ်လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#ymg/NN
#Yangon_Media_Group