#Local_News
Published_ 10 November 2022

 

Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်တွင်ကျင်းပပြုလုပ်တဲ့ Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Naypyitaw State Academy ကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော် ၈ မြို့နယ်ဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်များမှ ဒေသခံပြည်သူများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၏ မဟာဌာနကြီးများ ဖွဲ့စည်းထားရှိ သည့်အတိုင်း ယခုတက္ကသိုလ်တွင်လည်း မဟာဌာနကြီးများ ဖွဲ့စည်းကျင့်သုံးထားပြီး မဟာဌာနကြီးများဖြစ်သည့် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာ မဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးပညာမဟာဌာန၊ လူမှုရေးပညာမဟာဌာနနှင့် အားကစားပညာ မဟာဌာနများ ပါဝင်ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

 

Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တတိယနှစ် သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ထို့ပြင်ဘွဲ့လွန် တန်းများ ဖြစ်ကြသည့် မဟာတန်းများ၊ ပါရဂူတန်းများအထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Naypyitaw State Academy ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ အတွက်လိုအပ်တဲ့ ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးရည်ရွယ်၍ နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် ယခုနှစ်ဧပြီလမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စာကြည့်တိုက်တို့ကိုပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကာ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့်လည်း အဆင့်မြင့် ပညာများကိုသင်ကြားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group