#Local_News
Published_19 October 2022

 

မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခနှုန်းထားကို ခရီးစဉ်မှတ်တိုင်အလိုက် ကျပ် ၄၀၀ အထိကောက်ခံခွင့်ပြုထားကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

 

YBS ခရီးသည်တင်ယာဉ်လိုင်းအများစုသည် အောက်တိုဘာ ၁ ရက်မှစတင်၍ ယာဉ်စီးခကို ၄၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။ YRTC အနေဖြင့် ယာဉ်စီးခကို ခရီးစဉ်မှတ်တိုင်အရေအတွက်လိုက် ကောက်ခံခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဒါကတိုးကောက်တယ်လို့ ပြောလို့တော့မရဘူး။ ခရီးစဉ်အစ/အဆုံးကို ၄၀၀ အထိကောက်ခံခွင့်ပြုထားတယ်။ အကုန်လုံးကဈေးတက်နေတော့ YBS ယာဉ်လိုင်းတွေလည်း အခက်အခဲတွေရှိတယ်။ ဒါကြောင့်ခွင့်ပြုထားတာပါ။ အဲဒီထက်ပိုကောက်တယ်ဆိုရင်တော့ အရေးယူဆောင်ရွက်သွားမှာပါ”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။

 

လက်ရှိအချိန်ထိ ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်း၊ ယင်းအပြင် YPS ကတ်စနစ်ဖြင့်စီးနင်းသူခရီးသည်ဦးရေမှာ ငါးသောင်းပတ်ဝန်းကျင်ရှိကြောင်းသိရသည်။

 

“ YBS ယာဉ်စီးခက တစ်လိုင်းနဲ့တစ်လိုင်းကောက်တာမတူဘူး။ အဲဒီတော့ ကတ်နဲ့စီးရတာက ပိုအဆင်ပြေတော့ ကတ်နဲ့ပဲစီးဖြစ်တော့တယ်။ ယာဉ်လိုင်းအားလုံးတော့ ကတ်စနစ်က မရသေးဘူး။ အခုအားလုံးက အစစအရာရာဈေးတက်နေတော့လည်း ဘာမှတော့ မပြောလိုပါဘူး”ဟု YBS စီးသည့်ခရီးသည်တစ်ဦးက ပြောသည်။

 

#ymg/sth
#Yangon_Media_Group