ပြည်ပနိုင်ငံများသို့ ခရီးသွားသူများအတွက် အာဆီယံနိုင်ငံများအသိအမှတ်ပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကို ထုတ်ယူကြပါစို့
 
- ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ ဒေါက်တာစန်းဟုန် (ကျန်းမာရေး သတင်းအချက်အလက်)
 
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ခြင်းလုပ်ငန်းစီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်များစုဆောင်းခြင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုနှင့် ကာကွယ်ဆေးဖြန့်ဝေသုံးစွဲမှုများ ကို ဆန်းစစ်ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းများထုတ်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာတွင် တပ်မတော်(ကြည်း၊ရေ၊လေ)သတင်းနည်းပညာဌာန၏ နည်းပညာ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် အီလက်ထရောနစ်သတင်းအချက်အလက်စနစ်ဖြစ်သည့် ကာ ကွယ်ဆေးထိုးလုပ်ငန်းစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccination Management Informa-tion System-VMIS) ကို (၂၀၂၁) ခုနှစ်၊ ဇူလိုင်လ မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစနစ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများမှ ကာကွယ်ဆေးထိုးနှံပေးသူ တစ်ဦးချင်း၏ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို စာရင်းသွင်း၍မှတ်တမ်းတင်ထားရှိပါသည်။
ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ကို (၇-၄-၂၀၂၂) ရက်နေ့မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ပြီဖြစ်ပါသည်။ ထိုသို့ လျှောက်ထားနိုင်ရန် အတွက် လျှောက်ထားမည့်သူအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ဖြစ်ခြင်း၊ ကာကွယ်ဆေးထိုးအချက်အလက်များအား VMIS စနစ်တွင် စာရင်းသွင်းမှတ်တမ်းတင် ထားရှိပြီးဖြစ်၍ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code နှင့် Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်းရှိသူဖြစ်ခြင်း၊ ပြည်ပသို့ ခရီးသွားမည့်သူများအား ရည်ရွယ်သည့်အတွက် နိုင်ငံကူးလက်မှတ် (Passport) လက်ဝယ်ကိုင် ဆောင်ထားသူဖြစ်ခြင်းနှင့် အဆိုပါ နိုင်ငံကူးလက်မှတ် (Passport) သည် သက်တမ်း (၆)လနှင့် အထက်ရှိသူ ဖြစ်ရပါမည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံပြီး ကြောင်း အထောက်အထား လျှောက်ထားရာတွင် လျှောက်ထားသူ၏ အမည်၊ အဘအမည်၊ နိုင်ငံကူးလက်မှတ်နံပါတ် (Passport Number)၊ မြန်မာဘာသာဖြင့် ထုတ်ထားသော VMIS ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID)၊ ဖုန်းနံပါတ် နှင့် အီးမေးလ်လိပ်စာ စသည့် အချက်အလက်များ ဖြည့်သွင်းရန်လိုအပ်ပြီး လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ နိုင်ငံကူးလက်မှတ်တွင် ဓာတ်ပုံနှင့်အချက်အလက်များ (Bio data) ပါရှိသည့် စာမျက်နှာနှင့် VMIS မြန်မာဘာသာဆေးထိုးမှတ်တမ်းတို့၏ ဓါတ်ပုံဖိုင် (*.JPEG/JPG) များ တွဲ၍ လျှောက်ထားရပါမည်။ အချက်အလက်များစုံလင်စွာ ဖြည့်သွင်းပြီးပါက CB Pay, Citizen Pay, UAB Pay, KBZ Pay တို့ကို အသုံးပြု၍ မိုဘိုင်းငွေပေးချေမှုစနစ် (Mobile Payment) ဖြင့် လျှောက်ထားသူ တစ်ဦးလျှင် ငွေ(၅,၀၀၀)ကျပ်နှင့် မိုဘိုင်းငွေပေးချေမှု အသုံးပြုမှုအတွက် ငွေလွှဲခ (Transaction Charge) (၂၀၀)ကျပ်၊ စုစုပေါင်း (၅,၂၀၀)ကျပ် ပေးသွင်းရမည် ဖြစ်ပါ သည်။
လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထား ပါက ရုံးဖွင့်ရက် (၅) ရက်အတွင်း ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက် အထားမှတ်တမ်း အား စတင် လျှောက်ထားရာ အင်တာနက်စာမျက်နှာဖြစ်သည့် ကျန်းမာရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာ https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူးလက်မှတ်နံပါတ် အသုံးပြု၍ ပြန်လည်ရယူနိုင်ပါသည်။
လျှောက်ထားသူမှ ဖြည့်သွင်းသည့်အချက်အလက်များနှင့် VMIS စနစ်တွင် မှတ်တမ်းတင် ထားသည့်အချက်အလက်များ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှသာ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်းအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထုတ်ပေးခြင်း ဖြစ်ပါသည်။ လျှောက်ထားသူများအနေဖြင့် ကာကွယ်ဆေးထိုးမှတ်တမ်းတွင်ပါရှိသော အချက် အလက်များသည် နိုင်ငံသားစိစစ်‌ရေးကတ်ပြားနှင့် နိုင်ငံကူးလက်မှတ်တွင်ဖော်ပြထားသည့် အချက် အလက်များ တူညီခြင်း ရှိ/မရှိ လျှောက်ထားခြင်းမပြုမီ ကြိုတင်၍စိစစ်ရမည်ဖြစ်ပါသည်။ အချက် အလက်ကွဲလွဲမှုများရှိပါက ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့သည့် သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆေးရုံ၊ ဆေးထိုးစင်တာများတွင် အမှားပြင်ဆင်ခြင်းများ ဦးစွာ ပြုလုပ်ပြီးမှ လျှောက်ထားရမည်ဖြစ်ပါသည်။
လျှောက်ထားသူများတွင် အချက်အလက်မပြည့်စုံသူများ သို့မဟုတ် အချက်အလက် မှားယွင်း နေသူများပါရှိပါက ထိုသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း ထုတ်ယူရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ သို့ ဝင်ရောက်သည့်အခါတွင် မှတ်တမ်းအား ထုတ်ယူရရှိမည်မဟုတ်ပါ။ အင်တာနက်စာမျက်နှာတွင် မှားယွင်းနေသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်းကို အသိပေးမည် ဖြစ်ပါသည်။ ထိုသို့ အသိပေးချက်ကို ရရှိပါက လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်၍ ပြန်လည် လျှောက်ထားနိုင်ပါသည်။ ထိုကဲ့သို့ အမှားပြင်ဆင်လျှောက်ထားခြင်းအတွက် နောက်တစ်ကြိမ် ငွေ ပေးသွင်းရန် မလိုအပ်ပါ။
အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပေးပြီးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက် ထရောနစ် အထောက်အထားမှတ်တမ်း ပျောက်ဆုံးပါက https://c19vc.moh.gov.mm တွင် Check ID (CHK_ID) နှင့် နိုင်ငံကူး လက်မှတ်နံပါတ် အသုံးပြု၍ အကြိမ်ရေအကန့်အသတ်မရှိ ထပ်မံရယူခြင်း (download) ပြုလုပ်နိုင်ပါသည်။ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက် အထားမှတ်တမ်းကို အင်တာနက်စာမျက်နှာမှတစ်ဆင့် လျှောက်ထားမှုနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက ကျန်းမာရေးဝန်ကြီးဌာန၏ အီးမေးလ်လိပ်စာဖြစ်သည့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း ရယူခြင်းဖြင့် ပြည်ပနိုင်ငံသို့ခရီးသွားမည့်သူများအနေဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်၏မှတ်တမ်းတွင် ပါရှိသည့် QR Code အား မည်သည့် မိုဘိုင်းဖုန်း သို့မဟုတ် တက်ဘလက်ဖြင့် မဆို Scan ဖတ်၍ အချက်အလက်များ ရယူနိုင်သည်ဖြစ်ပါသည်။ အဆိုပါကာကွယ်ဆေးထိုး မှတ်တမ်းအား ကိုင်ဆောင်ထားပါက သက်ဆိုင်ရာပုဂ္ဂိုလ်၏ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ပတ်သက် ၍ အလွယ်တကူ တိုက်ဆိုင်စိစစ်နိုင်သည့်အပြင် မည်သည့်နေ့ရက်များတွင် မည်သည့်ကာကွယ်ဆေး အမျိုးအစား ထိုးနှံထားကြောင်းကို အတည်ပြုချက် ရယူနိုင်ပါသည်။
ယခုအခါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများအား အပြည်ပြည်ဆိုင်ရာခရီးသွားလာ မှုကဏ္ဍတွင် ဖြေလျှော့ပေးမှုများစွာ ဆောင်ရွက်ပေးနေခြင်းနှင့်အတူ ပြည်ပမှ ဝင်ရောက်လာမည့် ခရီးသွားများ ကိုင်ဆောင်မည့် ကာကွယ်ဆေးထိုးမှတ်တမ်းများကို နိုင်ငံအချင်းချင်း အသိအမှတ်ပြု နိုင်ရန် အထူးလိုအပ်လျက်ရှိပါသည်။ အာဆီယံနိုင်ငံများအချင်းချင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးမှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သည့် https://c19vc.moh.gov.mm မှ တစ်ဆင့်ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထား မှတ်တမ်း (COVID-19 Vaccination Electronic Certificate) အား အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ် (ASEAN Single QR Code Verification Portal) တွင် တရားဝင်အသိအမှတ်ပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ မေလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ တို့၌ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများအစည်းအဝေး (15th ASEAN HEALTH MINISTERS MEETING) တွင် အတည်ပြုပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၅-၅-၂၀၂၂) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ခရီးသွားမည့်သူများအတွက် အထက်ဖော်ပြပါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက်အထားမှတ်တမ်း အား ASEAN Covid-19 Vaccine Certificate Single Verification Portal ဖြစ်သော https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်း ထုတ်ပေးသည့်စနစ်နှင့် ကာ ကွယ်ဆေးထိုးလုပ်ငန်းစီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (VMIS) တို့ ကောင်းမွန်စွာလည်ပတ် နိုင်ရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ နည်းပညာကျွမ်းကျင်သူ များက ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက် ထရောနစ် အထောက်အထားမှတ်တမ်းအား အနောက်နိုင်ငံများအတွင်း အသိအမှတ်ပြုမှု အစီအစဉ် ဖြစ်သည့် European Union Digital COVID Certificate (EU DCC)တွင် ပါဝင်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသည့် အချက် အလက်များအား ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုနေသည့် ကာကွယ်ဆေးထိုးလုပ်ငန်းစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (VMIS) တွင် မပျက်မကွက် စာရင်းမှတ်တမ်း ထားရှိကြပါရန်နှင့် ပြည်ပ သို့ ခရီးသွားရန်ရှိပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှုနှင့်ပတ်သက်၍ ခိုင်လုံသည့် အထောက် အထားဖြစ်သော အာဆီယံနိုင်ငံအချင်းချင်း အသိအမှတ်ပြုမှုရရှိထားသည့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ် အထောက် အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate)အား ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://c19vc.moh.gov.mm မှတစ်ဆင့် လျှောက်ထားရယူကြပါရန် တိုက် တွန်း နှိုးဆော်လိုက်ရပါသည်။
 
 ( Source: Ministry of Health's Facebook Page မှပြန်လည်ကူးယူဖော်ပြတာဖြစ်ပါတယ်)