#LocalNews

Published - 1 Dec 2021

နိုင်ငံရေးဖြစ်စဥ်တွေကြောင့် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ ယနေ့ချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံပါတီဝင် ၄၀၀ ကျော်ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

 

ထုတ်ပြန်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC) ၏ ကောက်ယူရရှိသော စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီဝင် စုစုပေါင်း (၅၇၉) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ (၁၂၈) ဦးရှိပြီဖြစ်ရာ(၄၃၂) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲလို့ ဖော်ပြထားပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် စစ်ကြောရေးကာလတွင်ဖြစ်စေ၊ အကျဉ်းကျနေစဉ်ကာလတွင်ဖြစ်စေ၊ ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလတွင်ဖြစ်စေ ကျဆုံးကွယ်လွန်ခဲ့သူ (၁၃) ဦးရှိပြီး အဆိုပါ(၁၃) ဦးမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး(ဆီဆိုင်)၊ ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေသာဇံ) တို့ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

 

ဒါ့အပြင် ရန်ကုန်ရှိ အဖွဲ့ချုပ်ရုံးချုပ်အပါအဝင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ ပါတီရုံးများ ဖောက်ခွဲခြင်း၊ ဖျက်ဆီးခြင်းခံရသည့် အကြိမ်အရေအတွက် (၇၅) ကြိမ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

 

ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီဝန်းရံသူ ပြည်သူများ၏ နေအိမ်နဲ့အဆောက်အဦးများအား ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများ ခံရသည့်အပြင် တရားရုံးအမှုများကို အကြောင်းပြ၍ နေအိမ်များအားချိတ်ပိတ်ရာ ချိတ်ပိတ်ခံရသူပေါင်း (၅၇) ယောက်ရှိခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group