22 March 2024

မြန်မာနိုင်ငံမှာ သဘာ‌ဝဘေးအန္တရာယ်အနေဖြင့် မုန်တိုင်းဘေးအန္တရာယ်ကို ဧပြီလကုန်နှင့်မေလဆန်းတို့တွင် ကြုံတွေ့ရလေ့ရှိတဲ့အတွက် ပြည်သူ လူထု ကျန်းမာရေးအတွက် လိုအပ်သည်များကိုကြိုတင်စု‌ဆောင်းပြင်ဆင်ထားရန်လိုအပ်ကြောင်း  သိရသည်။

ယင်းကဲ့သို့ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း ကို ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားပြီးမှာကြားခဲ့သည်။

ဒုတိယဝန်ကြီးက "'လွန်ခဲ့သောနှစ်များအတွင်း မုန်တိုင်းဖြစ်ပေါ်ခဲ့မှုများကို ပြန်လည်သုံးသပ်ရာတွင် မုန်တိုင်း ဘေးအန္တရာယ်ကို ဧပြီလကုန်နှင့် မေလဆန်းတို့တွင်လည်းကောင်း၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင်လည်းကောင်း ကြုံတွေ့ရလေ့ရှိကြောင်း၊

ထိုသို့ဆောင်ရွက်နိုင်ခဲ့မှုများကြောင့် မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကူးစက်ရောဂါများ ကြီးမားသည့်ကပ်အသွင်ဖြစ်ပွားမှုများ မရှိခဲ့ပါကြောင်း၊

ယမန်နှစ်က ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်း ဘေးအန္တရာယ်ဖြစ်စဉ်တွင် ကျန်းမာရေးကဏ္ဍအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတိပေးချက်များအား စဉ်ဆက် မပြတ်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ အတွင်းတွင်လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီများအချင်းချင်းလည်းကောင်း ချိတ်ဆက်ညှိနှိုင်းမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre - DMC) ကို ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း (၇-၅-၂၀၂၃) ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၌ Public Health Emergency Operations Center ကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊

မုန်တိုင်းမကျရောက်မီအချိန်မှာ  အရေးပေါ်ကျန်းမာရေးအဖွဲ့များ ကြိုတင်စုဖွဲ့ခြင်း၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများ မပျက်စီးစေရေးဆောင်ရွက်ခြင်း၊ လိုအပ်မည့် ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ကြိုတင်ပေးပို့ခြင်း၊ ကျန်းမာရေးဌာနအဆောက်အဦများ ထိခိုက်ပျက်စီးမှု နည်းပါးစေရေး ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် သောက်သုံးရေသန့်များနှင့် စားနပ်ရိက္ခာများ ကြိုတင်စုဆောင်းခြင်း၊ ဆေးရုံများနှင့်ကျန်းမာရေးဌာနများတွင် အသုံးပြုရန် စက်သုံးဆီများ ကြိုတင်စုဆောင်းခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ကြောင်း၊ 

မုန်တိုင်းကျရောက်ပြီးချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြတ်တောက်သွားခြင်း မရှိစေရန်အတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဆေးရုံများတွင် ခွဲစိတ်ကုသမှုများအပါအဝင် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်၏ နောက်ဆက်တွဲအနေဖြင့် ကူးစက် ရောဂါများ ကပ်အသွင်ဖြစ်ပွားမှုများ မရှိစေရေးစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ မိတ်ဖက် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊

ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုအစီအစဉ်များ အားကောင်းစွာဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်မှုများအား ကာကွယ်နိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့အပြင်တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သည် ရေကြီးမှုဖြစ်စဉ်များအားလည်း ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ကာ ဘေးအန္တရာယ်၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများဖြစ်ပွားမှုကို ကာကွယ်နိုင်ခဲ့ကြောင်း ယခုနှစ်တွင်လည်း သဘာဝဘေးအန္တရာယ်များကို ယင်းကဲ့သို့ ကာကွယ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group