၂၇ ဖေဖော်ဝါရီ ၂၀၂၄

သုံးနိုင်ဖြုန်းနိုင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ လွန်ခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး ဈေးကြီး ကြီး အိမ်ယာတွေ ခပ်သွက်သွက် ခပ်မြန်မြန်ဝယ်ယူလာနေကြတယ်လို့ ထိုင်းရဲ့ အိမ်ခြံမြေကုမ္ပဏီ ကိုလီယာ Colliers ကပြောတဲ့အကြောင်း နေရှင်းသတင်းကရေးသားပါတယ်။ အဲဒီလိုဝယ်လာကြတဲ့အတွက် မြန်မာတွေဟာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ထိပ်တန်းသုံးနိုင်ဖြုံးနိုင်တဲ့သူတွေဖြစ်လာကြတယ်လို့လည်း နေရှင်းသတင်း က ဆိုပါတယ်။

ကိုလီယာရဲ့ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ကာလိုပိုဘရီက “ ထိုင်းအစိုးရအိမ်ရာဘဏ်ရဲ့ အိမ်ခြေံမြေ သတင်းအချက်  အလက်ဗဟိုဌာန(REIC)ရဲ့အဆိုအရ မြန်မာဝယ်လက်တွေဟာ ဘန်ကောက်၊ဖူးကက်နှင့် ချင်းမိုင်တို့ကို စိတ်ဝင်စား မှု အရှိဆုံးဖြစ်တယ်” လို့ပြောပါတယ်။

REIC ရဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ့ အနောက်ဘက်အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အိမ်ယာဈေးကွက်မှာ ထိုင်းဘတ်ငွေ ၂.၂၅ ဘီလျံတန်ဖိုးအထိ အိမ်ယာတွေဝယ်ယူခဲ့တဲ့အတွက်   နိုင်ငံ အလိုက်မှာ တတိယမြောက် အသုံးအများဆုံးနိုင်ငံအဆင့်ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ ပထမနေရာက တရုတ်နိုင်ငံနှင့်  ဒုတိယက ရုရှားတို့ဖြစ်ကြပါတယ်။

အဲဒီ့အပြင်နိုင်ငံသားတွေအလိုက် ဝယ်ယူကြတဲ့ အိမ်ရာတစ်ခုချင်းစီရဲ့ပျှမ်းမျှတန်ဖိုးအရပြောရရင် မြန်မာနိုင်ငံသား တွေဟာ ဈေးအကြီးဆုံးအိမ်ရာတွေဝယ်ယူကြသူတွေအဖြစ် အဆင့်(၁)နေရာ ရောက်ရှိသွားပါတယ်။

“မြန်မာတွေ အနေနှင့် ပျှမ်းမျှအားဖြင့် ထိုင်းဘတ်ငွေ ၆,၅သန်းတန်ဖိုးရှိ အိမ်ရာတွေကို ဝယ်ယူကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတန်ဖိုးဟာ တရုတ်တွေ ရုရှားတွေ ဝယ်ယူကြတဲ အိမ်တွေထက်တောင် ဈေးကြီးနေတာ”လို့လည်း သူက ဆက်ပြောပါတယ်။

မြန်မာတွေအများဆုံးဝယ်ယူကြတာဟာ ဇိမ်ခံကွန်ဒိုတိုက်ခန်းတွေဖြစ်ပြီး ဈေးတွေက တစ်ခန်းကို ဘတ်ငွေ ၁၀ သန်းမှ သန်း၂၀အကြားရှိတယ်လို့ ပိုဘရီက ပြောပါတယ်။ မြန်မာတွေအကြိုက်ဆုံးနေရာတွေထဲမှာ ဆေးရုံ    တွေ၊နိုင်ငံတကာကျောင်းတွေ၊ဈေးဝယ်စင်တတွေနှင့်ဟိုတယ်တွေနှင့်နီးတဲ့ ဆူကိုဝေ့ Sukhumvit ၊ဖရောင်းဖုန် Phrom Phong နှင့် အစို့ Asoke  တို့က အိမ်ရာစီမံကိန်းတွေဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှ အလယ်အလတ်တန်းစားဝယ်ယူသူတွေကတော့ အားရီ Aree နှင့် ပရာထိုင်း Phaya Thai ဇုန်တွေက  ဘတ်ငွေ ၅သန်းမှ ၁၀သန်းအကြားရှိတဲ့ ကွန်ဒိုတွေကို ဝယ်ယူကြပါတယ်။ အထူးသဖြင့် BTS/MRT လမ်းကြောင်း တစ်လျောက် မြန်မာတွေ အကြိုက်တွေ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွားရေးလာရေး လွယ်ကူပြီး ငှားဖို့နှင့် ပြန်ရောင်းဖို့ အခွင့်အလမ်းတွေကောင်းလို့ဖြစ်ပါတယ်။

“ ဒီအုပ်စုထဲကသူတွေဟာ အများအားဖြင့် လူငယ်တွေဖြစ်ကြပြီး ကွန်ဒိုတွေကို ငှားစားဖို့ ဒါမှမဟုတ် ပြန်ရောင်းဖို့ ရင်းနှီးမြှပ်နှံကြတာဖြစ်တယ်။ သူတို့ဟာ နေရာကောင်းတဲ့အခန်းတွေကို ကြိုပွိုင့်ဝယ်ယူလေ့ရှိကြတယ်” လို့ ပိုဘရီ ကဆက်ပြောပါတယ်။

မြန်မာနိုင်ငံက စူပါသူဋ္ဌေးတွေဟာ ဖူးကက်က ဇိမ်ခံ ရေကူးကန်နှင့်ဗီလာကြီးတွေကိုလည်းစိတ်ဝင်စားကြတယ်။ အထူးသဖြင့် လာဂူးနား  Laguna နှင့် ဘန်သောင် Bang Thao ဇုန်တွေမှာဖြစ်တယ်။ အဲဒီမှာ ဗီလာတစ်လုံးကို  ဆောက်လက်စမှာတင် ဘတ်ငွေ သန်း၄၀ကျော်နှင့် အရောင်းအဝယ်ဖြစ်နေကြတယ် လို့ သူက ဖြည့်စွက် ပြောပါ   တယ်။

ချင်းမိုင်မှာဆိုရင် မြန်မာတွေဟာ သူတို့ အငြိမ်းစာယူတဲ့အခါ ဒါမှမဟုတ် မိသားစု အပန်းဖြေခရီးထွက်တဲ့အခါ နေဖို့ အတွက် ဘတ်ငွေ သန်း၂၀ မှသန်း ၃၀ အကြားတန်ဖိုးရှိတဲ့ လုံးချင်းအိမ်တွေကို ကြိုဝယ်ထားကြပါတယ်။  ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့ဟာ မြန်မာနိုင်ငံနှင့်သိပ်မဝေးတဲ့နေရာမှာရှိပြီး ဘန်ကောက်လိုပဲ အထောက်အပံ့တွေ အများကြီးရှိပြီး ခရီးသွားတွေကိုစွဲဆောင်ထားတဲ့မြို့လည်းဖြစ်ပါတယ်။ ချင်းမိုင်မှာ မြန်မာတွေက ဆန်ကမ်ပန်း San Kamphaeng နှင့် ဟန်ဒေါင် Hang Dong ခရိုင်တွေကို အကြိုက်တွေ့ကြပါတယ်။

“ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ အရေးကြုံလာခဲ့ရင်ဆိုပြီး မြန်မာမီလျံနာတွေကို ထိုင်းမှာ ဒုတိယ အိမ်တွေဝယ်ဖို့ တွန်းအားပေးတဲ့ အရေးကြီးတဲ့အချက်တစ်ခုဖြစ်နေတယ်” လို့ သူကဆက်ပြောပါတယ်။

“ မြန်မာတွေဟာ တရုတ်တွေနှင့်မတူကြဘူး။ သူတို့ဟာ တရုတ်တွေလို့ တရုတ်တန်းမှာ အသိုက်အဝန်းနှင့် အတူနေကြတာမျိုးထက် သီးသီးသန့်သန့်နေကြရတာကိုပိုကြိုက်ကြတယ်။ အဲဒါကြောင့် မြန်မာပြည်က အိမ်ဝယ်မယ့်သူတွေကို ကြိုးစားဆွဲဆောင်တဲ့အခါ အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီတွေဟာအဲဒီအချက်ကို မမေ့ကြဖို့လိုတယ်”လို့ သူကပြောပါတယ်။

Source The Nation