Published_ 20 February 2024

မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲ ကာကွယ်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအစိုးရများ အကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်(၅)ချက်အပေါ် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက်သက်ဆိုင်ရာဌာနများပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် နေတယ်လို့ ဆိုပါတယ်။

အာဆီယံဒေသအတွင်း hotspot အရေအတွက်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီးမီးခိုးမြူငွေ့ ညစ်ညမ်းမှု လျော့နည်းစေရေးအတွက် အကောင်အထည်နေတယ်လို့ ဆိုပါတယ်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ-၁ ဝန်ကြီး ဦးမင်းနောင်က မြန်မာ-တရုတ် နယ်စပ် တစ်လျှောက်ရှိ တောင်သူများ အသိပညာပေးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ သဘာဝဓာတ်မြေဩဇာ၊ ဇီဝလောင်စာ၊ ဇီဝဓာတ်ငွေ့စသည်ဖြင့် ပြန်လည် အသုံးချနိုင်ရေး အတွက် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ အကူအညီ ပေးရေး၊ နယ်စပ်ဒေသနေပြည်သူများ၏ ယာမီးရှို့မှုစနစ် ပပျောက်စေရေး အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

ယင်းနောက် ဒုတိယဥက္ကဋ္ဌ-၂ ဝန်ကြီး ဒေါက်တာစိုးဝင်းက တောမီးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်ရန်နှင့် လျော့နည်း သက်သာစေရန် အစီအမံများရေးဆွဲ သွားရေးနှင့် ကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစား ရသည့် ပြည်သူများအတွက် ထောက်ပံ့ ကူညီမှုများ၊ သဘာဝဘေး အသိပညာပေး လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး နှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရန်နှင့် Contact Person ထားရှိမယ်လို့ သိရပါတယ်။

မီးဘေး အန္တရာယ်ကာကွယ်ခြင်းနှင့်ပတ်သက်တဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများအား ပူးပေါင်းဆောင်ရွက်ရန်နှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ် ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်း ကော်မတီရဲ့လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 20 February 2024