#Local_News
Published 16 January 2024


၂၀၀၂၄ခုနှစ်ဘောလုံးရာသီအတွက်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်နှင့် ဒုတိယမြောက်အားဖြည့်မှုအဖြစ်မြန်မာ့လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းမှ ဝေလင်းအောင် ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူခဲ့ကြောင်းယင်းအသင်းမှသိရသည်။

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ်ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို ၂ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းသို့ ခေါ်ယူထားပြီးဖြစ်ကြောင်းသိရသည်။

 

“ဆောက်သမ်းမြန်မာအသင်းမှာ ကတည်း ရန်ကုန်ယူနိုက်တက်မှာ ကန်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ အသင်းကြီးတစ်သင်းမှာ ကန်ခွင့်ရဖို့နဲ့ AFC မှာ ကန်ချင်တာ က ကျွန်တော်ရဲ့ ရည်မှန်းချက်ပါ။ အသင်းနဲ့အတူ ပွဲတိုင်းကို အကောင်းဆုံး ကျော်ဖြတ်ပြီး ချန်ပီယံ ရရှိအောင် ကြိုးစားချင်ပါတယ်” ဟုပြည့်ဖြိုးအောင်ကဆိုသည်။

 

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင် သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ်ထွန်းခဲ့သည့် ကစားသမား တစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်ကစားသမားဘဝကို ၂၀၀၉ ခုနှစ် မြန်မာနေရှင်နယ် လိဂ် ပြိုင်ပွဲ စတင်ကျင်းပချိန်ကတည်းက ဆောက်သမ်းမြန်မာ အသင်း တွင် ကစားခဲ့သူဖြစ်သည်။ ဆောက်သမ်းမြန်မာ အသင်း၌ ကစားခဲ့စဉ်ကာလအတွင်း မြန်မာယူ-၁၇၊ ၁၉၊ ၂၀၊ ၂၃ စသည့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများတွင် ရွေးချယ်ခံခဲ့ရသလို ၂၀၁၁ ခုနှစ်တွင်လည်း မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ် ခြင်းခံခဲ့ရသူဖြစ်ကြောင်းသိရသည်။

 

ဆောက်သမ်းမြန်မာအသင်းနှင့် ၁၁ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် ဟံသာဝတီယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃) နှစ် ပါဝင်ကစားခဲ့ကာ ယခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း ကို ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း ကွင်းလယ်ခံစစ် ကစားသမား ဝေလင်းအောင် ကို တစ်ရာသီစာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

 

“ရန်ကုန်ယူနိုက်တက်အသင်းလို အသင်းကြီးမျိုးကို ရောက်လာရတဲ့အတွက် ပျော်ပါတယ်။ အရင်ကတည်းကလည်း ရန်ကုန်အသင်းမှာ ကစားချင်ခဲ့တာပါ။ အသင်းနဲ့အတူလည်း အောင်မြင်မှုတွေယူချင်ပါတယ်” ဟု ဝေလင်းအောင် ကဆိုသည်။

 

လူငယ်ကစားသမားတစ်ဦးဖြစ်သည့် ဝေလင်းအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)တွင် ဘောလုံးပညာကိုလေ့လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံအသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် ယူ-၁၈ တွင်စတင်ကစားခဲ့ ကြောင်းသိရသည်။ ထိုအသင်းနှင့်အတူ ယူ-၂၀၊ ယူ-၂၁ စသည့် လူငယ်အသင်းတွင်ကစားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်-၂ တွင်သို့ တက်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ အား/ကာသိပ္ပံ အသင်းနှင့်အတူ မြန်မာနေရှင်နယ်လိဂ် သို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့သည်။

 

ခြေစွမ်းကောင်းပြသနေသည့် ဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်တွင် ဒဂုံစတားယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်ဆက်ကစားပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။


စစ်ကိုင်းတိုင်း၊ ကသာမြို့ဇာတိဖြစ်သည့် ဝေလင်းအောင် သည် ၂၀၂၂ ခုနှစ် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်းရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်းသိရသည်။

 

#Local_News #ဝေလင်းအောင်ကို ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ #YMG/ NN #Yangon-Times