#Local_News
Published_ 28 December 2023


မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ မြန်မာသံရုံး၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားသို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ Minister of State ဖြစ်သူ H.E. Smt Meenakashi Lekhi က ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

 

မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်နှင့် နှစ်နိုင်ငံ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ဆက်သွယ်ဆောင်ရွက်မှု ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထို့နောက်ဂုဏ်ထူးဆောင်ဧည့်သည်တော် H.E. Smt Meenakashi Lekhi က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးခဲ့တဲ့သာဓကများ၊ အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်းပီသစွာ ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။

 

ထို့နောက် မြန်မာ့ယဉ်ကျေးမှု အနုပညာ၊ ယွန်းထည်များအပြင် မြန်မာထွက်ကုန်များဖြစ်သည့် ပဲအမျိုးမျိုး၊ ထောပတ်သီး၊ မြန်မာ့ကျောက်မျက်ရတနာများနှင့် အိန္ဒိယ ထွက်ကုန်များကို မြန်မာသံရုံးအတွင်း၌ ဆိုင်ခန်းပေါင်း (၂၀)ခန့်ဖြင့် ခင်းကျင်းပြသသည့် ကုန်စည်ပြပွဲ ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းအချင်း ကူးလူးဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း (၁၂) ဦးမှ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် မြန်မာ-အိန္ဒိယ ယဉ်ကျေးမှုဖလှယ်ရေး မြှင့်တင်ရန်ရည်ရွယ်၍ မြန်မာတိုင်းရင်းသားဝတ်စုံ၊ အိန္ဒိယ ရိုးရာဝတ်စုံများ ဝတ်ဆင်ပြသခဲ့တဲ့အပြင် အိန္ဒိယအကအဖွဲ့များမှ အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #မြန်မာ-အိန္ဒိယ #(၇၅)နှစ်ပြည့် အခမ်းအနား # နယူးဒေလီမှာပြုလုပ် #ymg_mnn #Yangon_Media_Group