Published_ 24 August 2023

တောင်ကိုးရီးယားသမ္မတနိုင်ငံသွားရောက်သည့် မြန်မာလုပ်သားများထံမှ တားမြစ်စားသောက်ကုန်များကို မကြာခဏ ဖမ်းမိနေ၍ နောင်တစ်ကြိမ်လျှင်ပြည်ဝင်ခွင့်ပိတ်မည်ဟု တောင်ကိုးရီးယားဘက် မှအသိပေးလာကြောင်း ဆိုလ်းမြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ဩဂုတ်လ၂၄ရက်(ယနေ့)ထုတ်ပြန်လိုက်သည်။

ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရာက် မည့်သူများအား တားမြစ်ပစ္စည်းများ၊ အစားအ​သောက်များ သယ်​ဆောင်ခြင်းမပြုပါရန် အကြိမ်ကြိမ် အသိပညာ​ပေးခြင်း သတိ​ပေး​ပြောကြားခြင်းတို့ကို ​ဆောင်ရွက်ခဲ့​သော်လည်း ကိုရီးယားသမ္မတနိုင်သို့ ဝင်​ရောက်သည့် Re entry လုပ်သားများက ဂရုမပြုဘဲ အသား​ခြောက် ကွမ်းရွက် စသည့် အစားအ​သောက် များ ​သယ်​ဆောင်သည်ကို အင်ချွန်း​လေဆိပ်တွင် စစ်​ဆေးတွေ့ရှိ​ကြောင်း သိရှိရသည်။

"ပြောတာတော့ များနေပေမဲ့ ထပ်ပြောရဦးမှာပဲ။ အသားခြောက် လုံးဝ လုံးဝဖမ်းပါတယ်။ ကွမ်းရွက်ဖမ်းတာပါပဲ။ Re-entryတွေက လူနည်းတဲ့အတွက် သေချာစစ်ပါတယ်။ တစ်ခြားနိုင်ငံတွေ အိတ်စစ်ချိန် ၅မိနစ်တောင်မကြာတဲ့အချိန် ကျွန်တော်တို့တွေဝင်လိုက်ရင် နာရီဝက်လောက်ကြာပါတယ်။

POEA က ဆရာမတွေကလည်း မထွက်ခင်ကြိုသတိပေးခဲ့ပါတယ်။ ဘယ်သူမှဂရုမစိုက်ကြပါဘူး။ လွတ်မယ်ထင်လို့ သယ်လာကြတယ်။ ခုတော့ အပတ်စဥ်အမိများလာတော့ အဖမ်းခံရတဲ့သူတွေ နောင်တစ်ကြိမ်ပြည်ဝင်ခွင့်ပိတ်ပါမယ်လို့ အကြောင်းကြားလာပါတယ်။ ထပ်ချဲ့ပြောရရင် E-7-4လိုမျိုး ဗီဇာပြောင်းမယ်ဆိုရင်တောင် ကိုယ့်မှာ နစ်နာမယ့်အခြေအနေဖြစ်လာမှာပါ"ဟု အလုပ်သမားသံအရာရှိရုံးက ပြောသည်။

လက်ရှိတွင် တားမြစ် ပစ္စည်းသယ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ပစ္စည်းသိမ်း၊ ပတ်စ်ပို့မှတ်တမ်းတင်၍ ဒဏ်ငွေဆောင်ခြင်းများစေခိုင်း၍ နောင်တစ်ကြိမ်ပြည်ဝင်ခွင့်ပိတ်မည်ဟု အကြောင်းကြားလာကြောင်း အလုပ်သမားသံအရာရှိရုံးက သိရသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက် ၍ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA-EPS) ကလည်းမိမိ​ကြောင့် မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်း​စေ​ရေး၊ ​နောင်ဝင်​ရောက်မည့် လုပ်သားများအတွက် အဟန့်အတားမဖြစ်​ပေါ်​စေ​ရေး အထူးသတိပြု လိုက်နာ​ဆောင်ရွက်ကြပါရန် ထပ်မံအသိ​ပေးထား‌သေးသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times