၂၃ ဩဂုတ် ၂၀၂၃

ထိုင်းနိုင်ငံရဲ့ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့ ကာဆီကွန်ဘဏ် Kasikornbank က သူတို့ဟာ မြန်မာနိုင်ငံရဲ့ ကမ္ဘောဇဘဏ်နှင့် မိတ်ဖက်ပြုလုပ်ကာ စမတ်ဖုန်းအခြေခံတဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့  ငွေပို့ငွေလွှဲလုပ်ငန်းကို လုပ်ဆောင်လိုက်ပြီလို့ ဩဂုတ် ၂၂ ရက်ကကြေညာလိုက်ပါတယ်။

အဆိုပါဘဏ်ဟာ ထိုင်းနိုင်ငံမှအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံမှ မိသားစုတွေထံ ငွေလွှဲဖို့ လိုအပ်ချက်တွေကို အမိဆုပ်ကိုင်လိုက်တာဖြစ်တယ်လို့ နစ်ကေးအေးရှားသတင်းက ရေးသားပါတယ်။

နိုင်ငံတကာငွေလွှဲပြောင်းမှုကို ကာဆီကွန်ဘဏ်ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် KBZPay ထဲသို့ မြန်မာကျပ်ငွေဖြင့် လွှဲပြောင်းပေးပို့မှာဖြစ်ပါတယ်။ ငွေလွှဲခကို အောက်တိုဘာလအထိ အခမဲ့ပေးမယ်လို့လည်းသိရပါတယ်။

ဒီလုပ်ငန်းကြောင့် ကမ္ဘောဇဘဏ်အနေနှင့် ထိုင်းဘတ်ငွေတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ဒေါ်လာငွေအစား ဘတ်ငွေနှင့်ငွေပေးချေမှုတွေကို အခြားနည်းလမ်းတစ်ခုအဖြစ်ကြိုးစားဆောင်ရွက်နေပါတယ်။

တကယ်လို့ ထိုင်းကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တာတွေ တိုးတက်လာရင် ကျပ်ငွေကနေ ထိုင်းဘတ်ကိုပြန်လဲဖို့ ပိုပြီး လွယ်ကူလာမှာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲလုပ်ငန်းတွေကနေ ငွေတွေလွှဲပို့ပေးနေခဲ့ကြပါတယ်။ ဒါပေမယ့် နစကအစိုးရက နိုင်ငံခြားငွေလဲလှယ်မှုတွေကို တင်းကြပ်စွာထိန်းချုပ်ထားပြီး ဘဏ်တွေမှတစ်ဆင့် တရားဝင်ငွေလွှဲတာမလုပ်ဘဲ တရားမဝင်ငွေလွှဲမှုတွေကို နှိမ်နှင်းနေပါတယ်။ပြီးတော့ ဘဏ် အက်ပလီကေးရှင်းအချင်းချင်းမှတစ်ဆင့် ပုံမှန်နည်းလမ်းနှင့်ငွေလွှဲတာကို အားပေးနေတယ်လို့ သတင်းကဆိုပါတယ်။

KBZPay လို့ခေါ်တဲ့ မိုဘိုင်းပိုက်ဆံအိတ်ကို ၂၀၁၈ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ QR code အခြေခံတဲ့ ငွေပေးချေမှုနှင့်ငွေလွှဲစနစ်ကို လူပုဂ္ဂိုလ်တွေအကြား အသုံးပြုနေပါတယ်။ အဲဒီအပြင် အေတီအမ်စက် ဒါမှမဟုတ် ကိုယ်စားလှယ်တွေဆီကနေ ငွေသားပြန်ထုတ်ယူနိုင်ကြတာဖြစ်တဲ့အကြောင်း နစ်ကေးအေးရှားကရေးသားပါတယ်။