နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအား၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ ဇူလိုင်(၃၁)ရက်နေ့တွင် ကြေညာလိုက်ပါတယ်။

 ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ ကာ/လုံ ကြေညာချက်အမှတ် ၂/၂၀၂၃ မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘောထားထုတ်ပြန်ချက်အရ လည်းကောင်း နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထား သည့်ကာလအား၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်သည်”လို့ဖော်ပြပါရှိပါတယ်။

ယာယီသမ္မတအပါအဝင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဖက်ဖက်ကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့က အပြစ်မဲ့  ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကိုအကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခြင်း၊ နိုင်ငံ၏  ပညာရေးနိမ့်ပါးကျဆင်းစေရန် ဘက်ပေါင်းစုံမှလုပ်ဆောင်ခြင်း၊အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား၊ မီးရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဇူလိုင်၃၁ရက်က ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး   (၂/၂၀၂၃)ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။

အဆိုပါအစည်းအဝေးမှာ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပျက်ပြားစေရုံ  သာမကဘဲ ပြည်သူလူထုကို အကြောက်တရားဖြင့်လွှမ်းမိုးကာ နိုင်ငံတော်၏အာဏာကို   အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေဆဲ

ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ချိန်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရ  ခြိမ်းခြောက်မှုများ တွေ့ကြုံနေရခြင်း၊မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် လွတ်လပ်၍တရားမျှတပြီး အကြောက်တရား  ကင်းစွာဖြင့်မဲပေးနိုင်ရေးအတွက်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ခြင်းတို့ကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်။

အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    ထပ်မံသက်တမ်းတိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ ၄ ရက်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ပြင်ဆင်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို   အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့မှုကြောင့် နိုင်ငံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့၌ တိုးတက်မှုများရရှိခဲ့သည့်အခြေအနေများ၊ အကြမ်းဖက် အဖွဲ့များဖြစ်သည့် NUG၊ CRPH၊ PDF အမည်ခံ  အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရေး ကြိုးပမ်းအကောင်   အထည်ဖော်လျက်ရှိမှုနှင့် အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍနိမ့်ကျစေရေး အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်သတင်းပို့မှုများကြောင့် ဖမ်းဆီးရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် GDP တိုးတက်လာမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ဆက်လက်တိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုတင်ပြခဲ့ကြောင်းသိရပါတယ်။

အဲဒီအပြင် ဗိုလ်ချူပ်မှူးကြီးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့မှုနှင့် လုံခြုံရေးအရဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်မည့်အခြေအနေများ၊ တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းများ၊NCAလက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံ  ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များပေါ်ပေါက်ခဲ့သည့် အခြေအနေများ၊ မဲစာရင်းမှန်ကန်တိကျမှုရှိစေရေးအတွက် အဓိကကျသည့်သန်းခေါင်စာရင်း ကောက်ယူရေးဆောင်ရွက်လျက်   ရှိသည့်အခြေအနေများနှင့် အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရသည့်  အခြေအနေများ၊ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ မုန်တိုင်းတိုက်ခတ်   ပြီးချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်းများ၊ ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက် တင်ပြခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-ymg/knl