#Local_News
Published_ 21 July 2023


မြန်မာပင်လယ်ပြင်၊ ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာတွင် ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးဆိုင်ရာ အကြိုစစ်တမ်း(Pre Construction Survey)လုပ်ငန်းများ မပြီးသေး၍ ရေကြောင်းသတိပေးချက်ထပ်မံထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

မူလက ဇွန်လ(၁)ရက်မှဇူလိုင်(၃၁)ရက်အထိ ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာအတွင်း ရေကြောင်းသတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းများမပြီးပြတ်သေးသည့်အတွက် ဇူလိုင်(၃၁)ရက်မှ ဩဂုတ်လ(၁၅)ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် POSCO International Coorporation(Myanmar E&P)မှ M.V FURGO EQUATOR သင်္ဘောဖြင့် အဆိုပါစစ်တမ်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများမပြီးသေး၍ ရေကြောင်းသတိပေးချက်ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

 

လုပ်ငန်းများဆောင်ရွက်နေစဉ် ကမ်းလွန်လုပ်ကွက်အမှတ် A3 ဧရိယာအတွင်းနှင့်အဆိုပါနေရာနှင့်(၄)ကီလိုမီတာ ပတ်လည်တွင်ရေကြောင်း သတိပေးချက်ထုတ်ပြန်ထားပါ၍ သင်္ဘောကြီးငယ်များ၊ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း ကျောက်ချရပ်နားခြင်း၊ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများချထားခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။


#Local_News ##Survey(စစ်တမ်း)လုပ်ငန်းများမပြီးသေး
#tthl #Yangon_Times