#Local_News
Published 21 July 2023


ဂျပန်နိုင်ငံ ချီဘားမြို့တွင် လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပပြလုပ်မည့် ၁၁ ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၌ သွားရောက်ယှဉ်ပြိုင်ရန် ပဏာမ မြန်မာ့လက်ရွေးစင် ယူ၁၂ ကစားသမား (၄၀)ဦး ထွက်ပေါ်လာသည်။

 

ယူ၁၂ ကစားသမား ရွေးချယ်ရေးအဖွဲ့နှင့် ယူ၁၂ နည်းပြအဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင် ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်နေ့များက အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်(၂)ခုခွဲ၍ ကစားသမား ရွေးချယ်ပွဲများ ပြုလုပ်ခဲ့ပြီး ပဏာမစာရင်းကို ကနဦး စိစစ်၍ ဇူလိုင်လ ၂၀ ရက်တွင် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

ပဏာမစာရင်းတွင် ပြင်ပမှ လာရောက်ရွေးချယ်ခံသူ ၂၃ ဦး၊ အကယ်ဒမီများမှ ၁၇ ဦး၊ စုစုပေါင်း (၄၀)ဦးရွေး ချယ်ခံခဲ့ရပြီး အဆိုပါ ကစားသမားများအား မြန်မာ့လက်ရွေးစင် အသင်းများအဆောင်တွင် စခန်းဝင် လေ့ကျင့်စေပြီးနောက် ကစားသမား(၂၅)ဦးအား ထပ်မံရွေးထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ၂၅ ဦးလူစာရင်းအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း အပြီးသတ် ကစားသမား (၁၈)ဦးကို ရွေးချယ်ထုတ်ပြန်ကာ ဂျပန်နိုင်ငံသို့ U12 Junior Soccer World Challenge 2023 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာ ယူ၁၂ အသင်း၏ ဂျပန်ခရီးစဉ်ကို AYA Bank မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။


#Local_News #ပဏာမမြန်မာ့လက်ရွေးစင်ယူ၁၂ကစားသမား (၄၀)ဦးထွက်ပေါ်
#Yangon_Times/PP