#Local_News
Published 7 July 2023

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးမထိုးရသေးသည့် ရောဂါ (၁၁) မျိုး ကာကွယ်ဆေး မထိုးလိုက်ရသည့် အသက် (၁) နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို စာရင်းကောက်ယူပြီး ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အမီလိုက်ကာကွယ်ဆေးထိုး အစီအစဉ်ပြုလုပ်ရန် ပြင်ဆင်ရခြင်းမှာ ပြီးခဲ့သည့် (၃) နှစ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် အသက် (၁) နှစ်အောက်အရွယ် ကလေးများမှာ ပုံမှန်ထိုးပေးနေကြ ရောဂါ (၁၁)မျိုး ကာကွယ်ဆေးကို တစ်ကြိမ်မျှ မထိုးလိုက်ရသည့် ကလေးနှင့် အကြိမ်ပြည့် မထိုးလိုက်ရသည့်ကလေးများ ရှိနေခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်စုမွန်က နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။

 

"အကြောင်းကြောင်းကြောင့် (၁) နှစ်အောက်ကလေးတွေထဲမှာ ကာကွယ်ဆေး မထိုးလိုက်ရတဲ့ ကလေးတွေရှိတယ်။ ရန်ကုန်က မဟုတ်ဘဲ အခြားဒေသကနေ နယ်စွန်နယ်ဖျားသွားလာရခက်ခဲတဲ့ နေရာတွေက ကာကွယ်ဆေးမထိုးနှံရတဲ့ ကလေးတွေလည်း ဒီကိုရောက်ရှိလာတာတွေရှိပါတယ်။ ကိုဗစ်ကာလကလည်း ကပ်ရောဂါဖြစ်ထားတာကြောင့် ကာကွယ်ဆေးမထိုးနှံခဲ့ရတာတွေ၊ ကျန်းမာရေးဘက်ကလည်း ကိုဗစ်တိုက်ဖျက်ရေးကြောင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ အားနည်းသွားတာတွေရှိလို့ ဆေးမထိုးရတဲ့ ကလေးတွေက ၂၀၂၀ ကနေစပြီး တစ်နှစ်ထက်တစ်နှစ် စုပုံများပြားလာတာတွေရှိပါတယ်"ဟု ဒေါက်တာသက်စုမွန်က ပြောကြားထားသည်။

 

ဆေးမထိုးရသေးသည့် ကလေးငယ်များပြည်သူလူထုထဲများပြားလာ၍ ကူးစက်ရောဂါအစုလိုက် ဖြစ်လာမှုများရှိလာ‌သောကြောင့် ပုံမှန် အသက် (၁)နှစ်အောက်ကလေးငယ်များအားကာကွယ်ဆေးထိုးပေးနေသည့်အပြင် အသက်(၅)နှစ်အထိ ကာကွယ်ဆေး ပုံမှန်မထိုးရသေးသူ ကလေးငယ်များကိုလည်း ရှာဖွေပြီး ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း ပြောကြားထားသည်။

 

#Local_News #ကာကွယ်ဆေးထိုးအစီအစဉ်ဆောင်ရွက်
#Yangon_Times/BM