#Local_News
Published- 6 July 2033

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဒလမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုတွင်ရှိနေသော အိမ်ထောင်စု ၁၂၀ ခန့် နှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိစစ်မည်ဖြစ်ကြောင်း အဆိုပါ ကော်မတီ၏ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

 

အဆိုပါ အိမ်ထောင်စုများနေသည့် နေအိမ်များကို ဖယ်ရှားပေးရန် လေလံအောင်ထားသည်ဆိုသော ကုမ္ပဏီတစ်ခုမှ လာရောက်၍ ခြံစည်းရိုးများလာခတ်ကာ နေအိမ်များကိုပါ ဖြိုဖျက်ရန် လာရောက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

ယင်းရပ်ကွက်တည်ရှိရာ မြေနေရာမှာ လွန်ခဲ့သော၂၀၀၅ ခုနှစ်က ကြက်ဆူပင်စိုက်ပျိုးရန် စိမ်းလန်းမြေအဖြစ် သတ်မှတ်ပေးထားခဲ့သောမြေနေရာဖြစ်ပြီး ယခင်အစိုးရအဆက်ဆက်က အခွန်လွတ်ဈေးများတွင် ရောင်းချရန်ရာသီပေါ်သီးနှံများ စိုက်ပျိုးရသောမြေနေရာဖြစ်ကြောင်းလည်း သိရသည်။

 

"အခုက အဲဒီနေရာနဲ့ ပတ်သက်ပြီး တရားဝင် မြေချထားပေးတာရှိတယ်။ ပြန်ပြီးတော့ ပြန်စစ်ရအုံးမယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆင့်မြင့် အရာရှိကြီးက ပြောသည်။

 

လက်ရှိတွင် မြို့မ(၄)ရပ်ကွက်အပိုင် အိမ်ခြေ(၆၂)လုံး၊ အောင်မင်္ဂလာရပ်ကွက်အပိုင်ရှိ အိမ်ခြေ (၄၆)လုံး ရှိသည့် မြေ ၂ ဒသမ ၀၆၆ ဧက ကို လေလံအောင်၍ မြေဂရံ ရရှိထားသည်ဆိုသူများက ယင်းမြေပေါ်ရှိ နေအိမ်များကို ဖျက်သိမ်းကာ နေရာအစားထိုးပေးရန် စီစဉ်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

အစားထိုးမြေနေရာပေးမည့် နေရာမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ တောင်ကြောင်ကျေးရွာပိုင်စားကျက်မြေပေါ်၌ ဖြစ်ကြောင်း၊ ယင်းနေရာကို ပြောင်းရွှေ့သူများအား ရွှေ့ပြောင်းစရိတ်အဖြစ် ငွေကျပ် ၂ သိန်း စီပေးမည်ဟု လက်ရှိနေရာကို လေလံရထားသည်ဟု ပြောသူများက ဆိုကြောင်းလည်း ဒေသခံများက ပြောသည်။

 

"ဇူလိုင်လ ၁ ရက်နေ့မှာ ဘူဒိူဇာနဲ့ ထိုးမယ်ဆိုပြီး လူတွေနဲ့ ကား ၉ စီးလောက်လာတယ် ၊ အခုနိုင်ငံတော်အဆင့်ဆင့်ကို အသနားခံစာလေး တိုင်စာလေးတင်ထားတယ်၊ ဒီနေရာလေးမှာဘဲ ဆက်ပြီးနေခွင့်ပြုဖို့ ၊ ကျွန်မတို့ကို ဘယ်လိုလုပ်ပေးမလဲ မေးကြည့်တော့ ကော့မှုးတောင်ကြောင်မှာ သူတို့ ဝယ်ထားတဲ့ လယ်မြေရှိလို့ အဲဒီကို ရွှေ့ပေးမယ် ၊ ပြောင်းရွှေ့စရိတ် နှစ်သိန်းပေးမယ်၊ ပြည်သူတွေကို အစ်မတို့ နားချပေးပါလို့ပြောတယ်၊ သူတို့ပြောတဲ့မြေကို ဒီကလူ ၁၃ ယောက်လောက် သွားကြည့်တော့ အဆင်မပြေဘူး၊ သူတို့ပြန်ပေးမယ့် လယ်မြေ စားကျက်မြေတွေဆိုတာ တစ်နှစ်လောက်နေရင်ပြန်ဖယ်ရမှာ၊ အကုန်ဒုက္ခရောက်ကုန်မယ်"ဟု အောင်မင်္ဂလာရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ နှင့် သက်ကြီးရွယ်အိုအများစုနေထိုင်သည့် အဆိုပါ နေအိမ်များ ဖြိုဖျက်မခံရစေရေးအတွက် ရပ်ကွက်နေသူများက စုပေါင်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ထံ အကြောင်းကြားစာ ပေးပို့ အသနားခံထားကြောင်း သိရသည်။

 

#Local_News #ရန်ကုန်စည်ပင် စိစစ်မည်
#Yangon_Times / BM