#World_News
Published 29 October 2022

 

သောကြာနေ့အစောပိုင်းက ဆန်ဖရန်ဆစ္စကိုမှာရှိတဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ'ရဲ့နေအိမ်ကို လူတစ်ယောက်ဝင်ရောက်ဖောက်ထွင်းခဲ့ကာ 'ပယ်လိုစီ'ရဲ့ခင်ပွန်းကို တူဖြင့် ရိုက်နှိက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ နိုဝင်ဘာ ၈ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကြမ်းဖက်ကြောက်ရွံ့မှုတွေ ပေါ်ထွက်လာစေပါတယ်။

 

အသက် ၈၂ နှစ်ရှိ 'ပေါလ်ပယ်လိုစီ'ကို ဆန်ဖရန်ဆစ္စကိုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဦးခေါင်းခွံကွဲအက်ခြင်းနဲ့ ညာဘက်လက်မောင်းနဲ့ လက်တို့မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ခွဲစိတ်မှုပြုလုပ်ခဲ့ရကြောင်း အောက်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

လူနာအပြည့်အဝပြန်လည်သက်သာလာမယ်လို့ ဆရာဝန်တွေက မျှော်လင့်ထားပါတယ်။

 

ပြစ်မှုကျူးလွန်သူ အသက် ၄၂ နှစ်ရှိ'ဒေးဗစ်ဒီပါပီ'ကို အခင်းဖြစ်ပွားရာနေရာမှာ ဖမ်းဆီးခဲ့ပြီး ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။

 

လူသတ်ရန်ကြိုးပမ်းမှု၊ သေစေနိုင်လောက်တဲ့လက်နက်ဖြင့် တိုက်ခိုက်မှု၊ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှု၊ ကိုယ်ထိလက်ရောက်မှု၊ ဝင်ရောက်ဖောက်ထွင်းမှု၊ အခြားရာဇဝတ်ကျူးလွန်မှုများဖြင့် တရားခံကို ဆန်ဖရန်ဆစ္စကိုကောင်စီအကျဉ်းထောင်မှာ မှတ်တမ်းတင်ထားပါတယ်။

 

တရားခံက ဆေးရုံတင်ထားရဆဲဖြစ်တာကြောင့် အကျဉ်းထောင်မှတ်တမ်းသွင်းခြင်းကို တရားခံမပါဘဲ ချမှတ်ခဲ့တာဖြစ်ကြောင်း ဆန်ဖရန်ဆစ္စကိုရဲချုပ်'ဝီလျံစကော့'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမေရိကန်သမ္မတရာထူးဆက်ခံမှုအတွက် ဒုတိယနေရာမှာရှိနေတဲ့အပြင် အောက်လွှတ်တော်မှ ဒီမိုကရက်တစ်ဥက္ကဌလည်းဖြစ်တဲ့ 'နန်စီပယ်လိုစီ'ဟာ အခင်းဖြစ်ပွားရာအချိန်မှာ သူ့ရဲ့အစောင့်အရှောက်တွေနဲ့အတူ ဝါရှင်တန်ကိုရောက်ရှိနေကြောင်း အမေရိကန်လွှတ်တော်ရုံးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

 

ပထမဦးစားပေးပုဂ္ဂိုလ်များရဲ့ အခြေအနေကိုစစ်ဆေးရန် 'ပယ်လိုစီ'နေအိမ်သို့လွှတ်လိုက်တဲ့ ရဲအရာရှိတွေက အာရုဏ်ဦးမတိုင်ခင်အချိန်မှာ အဆိုပါတိုက်ခိုက်မှုကို တွေ့ရှိခဲ့တာဖြစ်ပြီး ဝင်ရောက်ဖြေရှင်းလိုက်ရပါတယ်။

 

အခုလိုတိုက်ခိုက်ရတဲ့အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း 'စကော့'ကဆိုပါတယ်။

 

အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့ရဲ့အာဏာထိန်းချုပ်မှုကို အဆုံးအဖြတ်ဖြစ်စေမယ့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်တောင်မလိုတော့တဲ့အချိန် နိုင်ငံရေးဝိဝါဒကွဲပြားမှုမြင့်တက်နေတဲ့အချိန်မှာ အခုလိုဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 

CNN ရဲ့ဖော်ပြချက်ထဲမှာ 'ပေါလ်ပယ်လိုစီ'က အရေးပေါ် ၉၁၁ ကိုခေါ်ဆိုခဲ့ကာ ကုဒ်နံပါတ်ကို ပြောကြားခဲ့ပေမယ့် တိုက်ခိုက်ခံနေရတယ်ဆိုတာကို တိုက်ရိုက်မပြောခဲ့ပါဘူး။

 

ဖုန်းလက်ခံဖြေဆိုခဲ့တဲ့ ၉၁၁ အော်ပရေတာမှ အမျိုးသမီးက ထိုခေါ်ဆိုမှုဟာ သာမန်မဟုတ်လောက်ဘူးလို့ ယူဆခဲ့ကာ အရေးကြီးကိစ္စအဖြစ် ရဲအရာရှိတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

 

'စကော့'က ထိုအမျိုးသမီးရဲ့ဆုံးဖြတ်ချက်ကြောင့် အသက်ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

Source: Reuters
#Yangon_Media_Group