#World_Politics
Published 26 October 2022

 

ဗြိတိန်ဝန်ကြီးချုပ်'ရီရှီဆူနက်'နဲ့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'တို့ဟာ အင်္ဂါနေ့ညနေက ဖုန်းခေါ်ဆိုခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြကာ 'ဘိုင်ဒင်'က ယူကေဟာ သူတို့ရဲ့အနီးစပ်ဆုံးမဟာမိတ်ဟု ပြောကြားလိုက်ပါတယ်။

 

အင်္ဂါနေ့က 'လစ်ဇ်ထရပ်စ်'ထံမှ ဝန်ကြီးချုပ်ရာထူးလွှဲပြောင်းယူခဲ့တဲ့'ရီရှီဆူနက်'ဟာ အင်ဒိုနီးရှားမှာပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေးမှာ 'ဘိုင်ဒင်'နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

'ဘိုင်ဒင်'က 'ဆူနက်'ရာထူးခန့်အပ်ခံရတာနဲ့ပတ်သက်ပြီး ဂုဏ်ယူလိုက်ကာ ခေါင်းဆောင်တွေအနေနဲ့ ရှေ့ဆက်နီးကပ်စွာ အတူတကွလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးမှပြောရေးဆိုခွင့်ရှိသူက ပြောပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းများအတွင်း 'ဘိုင်ဒင်'က 'ထရပ်စ်'ရဲ့စီးပွားရေးဗျူဟာများအပေါ် လူသိရှင်ကြားဝေဖန်ခဲ့ပါသေးတယ်။

 

ယူကေနဲ့ အမေရိကန်တို့ဟာ လတ်တလောနှစ်များအတွင်း ဆက်ဆံရေးတင်းမာမှုအနည်းငယ်ရှိခဲ့ပါတယ်။

 

ဖုန်းခေါ်ပြောဆိုမှုအတွင်း ယူကရိန်းစစ်ပွဲအပြင် တရုတ်အင်အားချဲ့ထွင်ကြီးစိုးလာတဲ့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပြောကြားခဲ့ရာမှာ "သမ္မတဘိုင်ဒင်က ဝန်ကြီးချုပ်အသစ်ကို ဂုဏ်ယူကြောင်း၊ အတူတကွ လုပ်ကိုင်သွားရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကေက အမေရိကရဲ့အနီးစပ်ဆုံးမဟာမိတ်ဖြစ်ပြီး ဝန်ကြီးချုပ်ကလည်း ဆက်ဆံရေးခိုင်မာလာစေရန် သဘောတူခဲ့ပါတယ်" လို့ ဆိုပါတယ်။

 

"ခေါင်းဆောင်တွေက ယူကေ-အမေရိကန်ပူးပေါင်းရေးတိုးချဲ့ရန်၊ အင်ဒို-ပစိဖိတ်ဒေသက တရုတ်လွှမ်းမိုးမှုရန် တုံ့ပြန်ရန်နဲ့ အေးချမ်းတည်ငြိမ်ရေးကြိုးပမ်းသွားရန်ကိစ္စများ ဆွေးနွေးခဲ့ကြပါတယ်"

 

"ယူကရိန်းပြည်သူများကို ထောက်ပံ့ကူညီရေးနဲ့ ဒီစစ်ပွဲမှာ ပူတင်ကျရှုံးရေးတို့ကို သေချာဆောင်ရွက်ရန် တိုင်ပင်ခဲ့ကြပါတယ်"

 

"ဒါ့အပြင်သူတို့ဟာ မြောက်အိုင်ယာလန်ပြည်သူများ ဘေးကင်းလုံခြုံရေးနဲ့ ချမ်းသာကြွယ်ဝရေးတို့အတွက် လိုအပ်တာများကိုဆောင်ရွက်ဖို့လည်း သဘောတူခဲ့ကြပါတယ်"

 

"ခေါင်းဆောင်နှစ်ယောက်က အင်ဒိုနီးရှားမှာကျင်းပမယ့် G20 အစည်းအဝေးပွဲမှာ လူချင်းတွေ့ဆုံဖို့ကိုလည်း မျှော်လင့်နေကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

Source: SCMP
#Yangon_Media_Group