Published 6 Sept 2022
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှာ ၆.၈ပြင်းအားအဆင့်ရှိတဲ့ ငလျင်ကြီး စက်တင်ဘာ ၅ ရက် မနက်က လှုပ်ရှားသွားတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်း ၆၅၀၀ကျော်ကို ငလျင်ဒဏ်ခံရတဲ့ဒေသတွေကို စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။

တနင်္လာနေ့ မနက်အကူး  ဘေဂျင်းစံတော်ချိန် ည၁၂နာရီ ၅၂ မိနစ်မှာ အဲဒီငလျင်ကြီးဟာ လူဒင်းခရိုင်မှာ လှုပ်ရှားခဲ့တာဖြစ်တယ်လို့  တရုတ်ငလျင်ကွန်ယက်စင်တာကသိရပါတယ်။

ငလျင်ကြောင့် ယခုထက်ထိ သေဆုံးသူပေါင်း ၆၅ ဦးရှိပြီဖြစ်ပါတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ၃၇ ဦးဟာ ဂန်ဇီတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဖြစ်ပြီး ကျန် ၂၈ ဦးက ရှီမီယန်ခရိုင် ယန်းအန်မြို့က ဖြစ်ကြပါတယ်။

စီချွမ်းက ငလျင်ကယ်ဆယ်ရေးဌာနချုပ် က အထွေထွေလေကြောင်းသုံး ရဟတ်ယာဉ်လေးစီးနှင့် ဒရုန်းကြီးနှစ်စီးကို လူဒင်းနှင့် ရှီမီယမ်ဒေသတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ပေးပို့ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ ဒေသဆိုင်ရာအစိုးရတွေဟာ ဗဟိုအစိုးရ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရဟတ်ယာဉ်ကြီးတွေနှင့် အကြီးစားယန္တယားတွေကို လူဒင်းမှာရှိတဲ့ ငလျင်ကြောင့်ဖြစ်လာတဲ့ အတားအဆီးကန်တွေ ဆီစေလွှတ်ဖို့ ဆောင်ရွက်နေကြပါတယ်။

လူဒင်းက ဒီတာအိုမြို့မှာ ငလျင်ကြောင့် မြေပြိုကျမှုတွေဖြစ်ပြီး လမ်းတွေပျက်စီးခဲ့ရတဲ့အတွက် သွားလာမှုတွေ ရပ်တန့်ခဲ့ကြရပါတယ်။ အဲဒါကြောင့် ဒေသခံတွေလည်း ပိတ်မိနေပါတယ်။

ဒေသခံ မီးသတ်ဌာနဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့နေရာတွေဆီချက်ခြင်းသွားရောက်ပြီး ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်နေကြပါတယ်။

ယခုအင်္ဂါနေ့ မနက်၁၁နာရီ ၅၀ အထိ စီချွမ်းပြည်နယ် သစ်တောမီးသတ်ဌာနဟာ ဒဏ်ရာရသူ (၆)ဦးအပါအဝင် လူ ၁၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Source: CCTV+

#Sichuan_Province

#China_Earthquake

#China