#Breaking_News
Published 28 June 2022

 

တနင်္လာနေ့က လော့စ်အိန်ဂျလိစ်မှ ချီကာဂိုသို့ ခရီးသည်တွေတင်ဆောင်လာတဲ့ Amtrak ရထားတစ်စင်းဟာ မစ်ဆူရီပြည်နယ်အရောက်မှာ ရထားလမ်းချော်သွားခဲ့ပြီး အနည်းဆုံးလူ ၃ ဦးသေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။

 

Amtrak ရထားလိုင်းရဲ့ Southwest Chief လမ်းကြောင်းမှာ ပြေးဆွဲနေရင်း လမ်းချော်ခဲ့တဲ့မီးရထားမှာ ရထားတွဲ ၇ တွဲနဲ့ စက်ခေါင်းတွဲ ၂ တွဲပါဝင်ပါတယ်။

 

Amtrak ရထားလိုင်းရဲ့ပြောကြားချက်အရ အဆိုပါရထားပေါ်မှာ ခရီးသည် ၂၄၃ ဦးနဲ့ ဝန်ထမ်း ၁၂ ဦးတို့ပါဝင်ပြီး ကန်ဆက်စ်မြို့အပြင်ဘက်မိုင် ၁၀၀ ခန့် မန်ဒွန်မြို့အနီးနေရာတစ်ခုမှာ နေ့လယ် ၁၂ နာရီ ၄၂ မိနစ်အချိန်၌ အမှိုက်သယ်ကုန်တင်ကားတစ်စီးနဲ့ ဝင်တိုက်မိခဲ့တာဖြစ်ကြောင်းသိရပါတယ်။

 

Amtrak ရထားပေါ်က လူ ၂ ယောက်နဲ့ အမှိုက်ကားပေါ်က လူ ၁ ဦးသေဆုံးခဲ့တာဖြစ်ကြောင်း မစ်ဆူရီပြည်နယ် အဝေးပြေးကင်းလှည့်အဖွဲ့မှ တပ်ကြပ်'ဂျက်စတင်ဒန်း'က တနင်္လာနေ့မွန်းလွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

'ဒန်း'ရဲ့ပြောကြားချက်အရ ရထားပေါ်မှာ ခရီးသည်အနည်းဆုံး ၂၀၇ ဦးနဲ့ ရထားဝန်ထမ်း ၁၄ ဦးပါဝင်တယ်လို့ ဆိုခဲ့ပေမယ့် Amtrak ရထားလိုင်းက တင်ပြထားတာနဲ့ အနည်းငယ်ကွဲလွဲနေပါတယ်။

 

ဒဏ်ရာရသူအရေအတွက် အတိအကျကို 'ဒန်း'က တိတိကျကျမဖော်ပြခဲ့ပေမယ့် ဒေသတွင်းကဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာနေရာမှ ခရီးသည် ၃ ဦးကို ကိုလံဘီယာတက္ကသိုလ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံမှပြောရေးဆိုခွင့်ရှိသူ'အဲရစ်မေ့ဇ်'က Associated Press ကို ပြောကြားခဲ့ပါတယ်။

 

ကန်ဆက်စ်မြို့အုပ်ချုပ်ရေးမှူး'မိုက်ခ်ပါဆန်'က တနင်္လာနေ့မွန်းလွဲအချိန်မှာ ပြောကြားခဲ့ရာ အရာရှိများက အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြကြောင်း သိရှိရပါတယ်။

 

"ကျွန်တော်တို့ရရှိထားတဲ့ ကနဦးသတင်းတွေက အားလုံးသိထားတဲ့အတိုင်းပါပဲ၊ အတော်လေးဆိုးရွားပါတယ်၊ ရထားလမ်းချော်တာမျိုးက အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်၊ ရထားပေါ်မှာပါတဲ့ လူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအတွက် ရည်မှန်းဆုတောင်းပေးပါတယ်" လို့ 'ပါဆန်'က ပြောပြခဲ့ပါတယ်။

 

ထုတ်ပြန်ချက်တစ်ခုမှာ Amtrak က ခရီးသည်များနဲ့ ဝန်ထမ်းများကို ကယ်ဆယ်ဖို့အတွက် အခင်းဖြစ်ပွားတဲ့နေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

နိုင်ငံတော် သယ်ယူပို့ဆောင်ရေးလုံခြုံရေးအဖွဲ့က ဒီအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးဖို့ ၁၄ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးခဲ့ကြောင်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

 

Source: NPR
#Yangon_Media_Group