#WorldHealth
Published 16 April 2022

 

ဖရုံသီး၊ ပဲ၊ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များမှာပါတဲ့ ဖြည့်စွက်အဟာရဓာတ်တစ်မျိုးဟာ ကိုဗစ်ရောဂါနဲ့ ရာသီကူးပြောင်းရောဂါတို့ကို ခန္ဓာကိုယ်ကတိုက်ထုတ်ရာမှာ ကူညီပေးနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာဖော်ပြထားပါတယ်။

 

အဆိုပါ လေ့လာတွေ့ရှိချက်ထဲမှာ ဇင့်ဓာတ်များကို အသီးအနှံအရွက်များမှာပါတဲ့ ပေါ်လီဖီနောလစ်ဒြပ်ပေါင်း ဖလေဗိုနွိက်များနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကိုဗစ်ရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်များကို တိုက်ထုတ်နိုင်တဲ့အစွမ်းသတ္တိကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

 

ဒီလေ့လာမှုကို တဲလ်အဗစ်တက္ကသိုလ်မှ ဇီဝဆေးပညာနှင့်ကင်ဆာသုတေသနဌာနမှပါမောက္ခများနဲ့ သုတေသနပညာရှင်များက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

နှစ်စဉ်နှစ်တိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကမ္ဘာတဝန်းအသက်သေဆုံးမှုများရှိနေခဲ့ပြီး လတ်တလောအဖြစ်အများဆုံးကတော့ ကိုဗစ်ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဖြစ်ပါတယ်။

 

ကိုဗစ်ရောဂါနဲ့ တုပ်ကွေးရောဂါတို့ကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ကူးစက်ခြင်းမျိုးတွေကို တိုက်ထုတ်ရာမှာ အထိရောက်ဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးပေးပြီး ကုသခြင်းတို့ပဲဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ဗိုင်းရပ်စ်တွေက အလျင်အမြန်ဆင့်ကဲပြောင်းလဲတတ်တာကြောင့် ကာကွယ်ဆေးတွေထိရောက်မှုရှိဖို့ အချိန်နဲ့လိုက်ပြီး ပြောင်းလဲထုတ်လုပ်နေရပါတယ်။

 

ဒါကြောင့် ဒီနည်းလမ်းတွေအပြင် အခြားကုသကာကွယ်လို့ရမယ့် နည်းလမ်းတွေကို အဆက်မပြတ် ရှာဖွေလေ့လာနေကြပါတယ်။

 

ဒီလို နည်းလမ်းတစ်ခုကတော့ ဆေးအပင်တွေနဲ့ ဆေးဖက်ဝင်အပင်တွေကနေ ဖော်ထုတ်မယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

သဘာဝကရရှိတဲ့ ဒြပ်ပေါင်းတွေဟာ ဗိုင်းရပ်စ်တွေအပေါ်ထိရောက်မှုရှိပြီး ဒီဒြပ်ပေါင်းတွေကို ပေါင်းစပ်မယ့်နည်းလမ်းကို သိပ္ပံပညာရှင်တွေကရှာတွေ့နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

 

ပထမဆုံး လေ့လာခဲ့တဲ့အရာကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ဇင့်ဓာတ်ဖြစ်ပါတယ်။

 

ဇင့်ဓာတ်ချို့တဲ့ရင် အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ သဘာဝအရတွေ့ရတတ်တဲ့အပြင် အစားအစာတွေထဲမှာပါဝင်တဲ့ ဖလေဗိုနွိက်တွေဖြစ်ပါတယ်။

 

သူဟာ ဇင့်နဲ့ပေါင်းစပ်သွားတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုတွေကို ကုသပေးနိုင်မှာဖြစ်ပါတယ်။

 

အချို့အဟာရဓာတ်တွေပေါင်းစပ်ခြင်းဖြင့် ခန္ဓာကိုယ်အင်္ဂါများအတွင်း ဗိုင်းရပ်စ်ပွားခြင်းကိုတားဆီပေးနိုင်ပါတယ်။

 

ဒီအဟာရဓာတ်တွေကို တစ်မျိုးချင်းစီစားသုံးခြင်းထက် ပေါင်းစပ်ထားတဲ့ဖြည့်စွက်အဟာရဓာတ်ကိုစားသုံးခြင်းဖြင့် ရောဂါကုသကာကွယ်ရာမှာ ပိုမိုထိရောက်စေပြီး ဓာတ်တစ်မျိုးက နောက်ထပ်ဓာတ်တစ်မျိုးကို ပိုမိုအားကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

 

Source: The Jerusalem Post.
#Yangon_Media_Group