#WorldHealth
Published - 25 March 2022
မိုဒါနာကိုဗစ်ကာကွယ်ဆေးနောက်ဆုံးအဆင့်စမ်းသပ်ချက်များအရ မိုဒါနာကိုဗစ်ကာကွယ်ဆေးဟာ အသက် ၆ နှစ်အောက်ကလေးငယ်တွေမှာ ရောဂါခုခံအားကိုမြှင့်တင်ပေးပြီး အိုမီခရွန်ကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်ကြောင်း မိုဒါနာကုမ္ပဏီကပြောကြားလိုက်ပါတယ်။

ကလေးငယ်လေးတွေတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတဲ့အပြင် စမ်းသပ်ရရှိလာတဲ့ရလာဒ်တွေကလည်း ကောင်းမွန်တာကြောင့် မိုဒါနာက အမေရိကန်နဲ့နိုင်ငံရပ်ခြားမှ တာဝန်ရှိသူများထံ တတ်နိုင်သမျှအမြန်ဆုံးတင်ပြသွားမှာဖြစ်ပါတယ်။

တာဝန်ရှိသူများနဲ့ညှိနှိုင်းတိုင်ပင်ပြီးနောက် အမေရိကန်ရှိ အသက် ၆ နှစ်မှ ၁၁ နှစ်ကြားကလေးတွေမှာလည်း အသိအမှတ်ပြုထိုးနှံခွင့်ရဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်။

ဖိုင်ဇာနဲ့ဘိုင်အိုတက်ခ်မှ ကလေးငယ်များထိုးနှံရမယ့်ကာကွယ်ဆေးဟာ လုံလောက်တဲ့ထိရောက်မှုမရှိဘူးလို့ ပြီးခဲ့တဲ့လက တွေ့ရှိခဲ့ကြပါတယ်။ မိုဒါနာရဲ့စမ်းသပ်မှုမှာတော့ အသက် ၆ လမှ ၅ နှစ်ကြားကလေးငယ် ၇,၀၀၀ ထောင်နီးပါးကို လူကြီးထိုးနှံရတဲ့ဆေးပမာဏရဲ့ ၄ ပုံ ၁ ပုံဖြစ်တဲ့ ၂၅ မိုက်ခရိုဂရမ် နှစ်ကြိမ်စီထိုးပေးခဲ့တာဖြစ်ပါတယ်။

ထိုကဲ့သို့ထိုးနှံခြင်းက အရွယ်ရောက်ပြီးသူတွေကိုစမ်းသပ်ပြီး ရရှိခဲ့တဲ့ရလာဒ်တွေအတိုင်း ပဋိပစ္စည်း(antibody)ထွက်ရှိမှုမြင့်မားနေခဲ့ပါတယ်။

အိုမီခရွန်ကူးစက်မှုလွှမ်းမိုးနေတဲ့ကာလမှာလည်း မိုဒါနာကာကွယ်ဆေးက ကိုဗစ်ရောဂါကိုထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း ကုမ္ပဏီကပြောကြားလိုက်ပါတယ်။

အသက် ၆ လမှ ၂ နှစ်ကြားကလေးငယ်တွေမှာ ၄၃.၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး အသက် ၂ နှစ်မှ ၅ နှစ်ကြားကလေးတွေမှာတော့ ၃၇.၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ကလေးငယ်တွေမှာ မိုဒါနာကာကွယ်ဆေးရဲ့ကာကွယ်နိုင်စွမ်းက အိုမီခရွန်ကူးစက်မှုကာလအတွင်း အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးလို့ ရရှိတဲ့ကာကွယ်နိုင်စွမ်းအတိုင်း တည်ရှိနေပါတယ်။

ယခုစမ်းသပ်မှုမှာ ဘေးထွက်ဆိုးကျိုးပြဿနာတွေ မတွေ့ရဘူးလို့ ဖော်ပြထားပါတယ်။
မိုဒါနာလို mRNA ကာကွယ်ဆေးကို ဆယ်ကျော်သက်ကလေးတွေမှာစမ်းသပ်ထိုးနှံစဉ်က နှလုံးကြွက်သားရောင်ရမ်းခြင်းမျိုး ရှားပါးလက္ခဏာတွေ တွေ့ခဲ့ရပေမယ့် အသက်အရွယ်ငယ်သေးတဲ့ကလေးတွေမှာတော့ အဲဒီလိုဘေးထွက်ဆိုးကျိုးတွေ မတွေ့ရပါဘူး။

အသက်အငယ်ဆုံးကလေးတွေ ၁၇ ရာခိုင်နှုန်းလောက်က အဖျားဝေဒနာခံစားကြရပြီး အဲဒီထက်အနည်းငယ် အသက်ပိုကြီးတဲ့ကလေးတွေမှာတော့ ၁၅ ရာခိုင်နှုန်းခန့်က အဖျားဝေဒနာပေါ်ပေါက်ခဲ့ပါတယ်။

အသက် ၆ နှစ်အောက်ကလေးအရွယ်တွေရဲ့ မိဘတွေအတွက်တော့ ဒါဟာသတင်းကောင်းဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်'စတက်ဖနီဘန်ဆယ်'က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကလေးအရွယ်အားလုံးမှာ အားမြှင့်ကာကွယ်ဆေး(booster)ရဲ့ ထိရောက်နိုင်စွမ်းကိုလည်း မိုဒါနာက လေ့လာသွားဖို့ ပြင်ဆင်နေပါတယ်။
Source: Bloomberg