၂၃ မေ ၂၀၂၄

လေပွေကြမ်းမိလို့ ဘန်ကောက်ကို အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ စင်ကာပူလေကြောင်းလိုင်းမှ ခရီးသည် ၂၀ ဦးသည် ယခုထက်တိုင် ဘန်ကောက်ရှိဆေးရုံတစ်ရုံရဲ့ အထူးကြပ်မတ်ကုသဆောင်(အိုင်စီယူ)ထဲမှာ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ဆေးရုံအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနကရေးသားထားပါတယ်။

“ အိုင်စီယူထဲမှာရှိနေတဲ့ ခရီးသည်လူနာအရေအတွက်ဟာ မပြောင်းလဲသေးပါဘူး” ဘန်ကောက်မြို့ ဆမ်မီတီဗက်ချ်ဆရီနာ ကရင်ဆေးရုံရဲ့ ညွှန်ကြားရေးမှူး အက်ဒီနမ်ကစ်တီရက်တန်နာပိုင်ဘိုက ပြောပါတယ်။

“အိုင်စီယူမှာဆက်ရှိနေတယ်ဆိုတဲ့အဓိပ္ပါယ်က သူတို့ဟာ အနီးကပ်စောင့်ကြည့်ဖို့လိုနေတယ်ဆိုတဲ့သဘောပါပဲ” လို့ သူက ပြောပြီး အသက်အန္တရာယ်စိုးရိမ်စရာတော့ အခုထက်ထိမရှိကြသေးဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။

အဲဒီလေယာဉ်မှ ခရီးသည်(၄၀)ဦးကို ဆက်လက်ကုသစောင့်ရှောက်ပေးနေရဆဲဖြစ်ပြီး အဲဒီထဲက ၂၂ ဦးဟာ ကျောရိုးနဗ်ကြိုး ဒဏ်ရာရသွားသူတွေဖြစ်ပါတယ်။ ခြောက်ဦးကတော့ ဦးနှောက်နှင့် ဦးခေါင်းခွံဒဏ်ရာရရှိထားကြပါတယ်” လို့ သူကပြောပါ တယ်။

ဆေးရုံတက်နေရသူတွေမှာ အသက်အကြီးဆုံးက ၈၃နှစ်ရှိပြီး အငယ်ဆုံးက (၂)နှစ်သားကလေးဖြစ်ပြီး အဲဒီကလေးဟာ ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားတာဖြစ်တယ်လို့ သူကဖြည့်စွက်ပြောပါတယ်။

ယခင်က ၄၁ဦးဆေးရုံတင်ထားရာမှ တစ်ဦးက ဆေးရုံဆင်းသွားလို့ ယခု လူနာ၄၀ဦးကျန်ခဲ့တာဖြစ်ပါတယ်။

ဆေးရုံတင်ခဲ့ရသူ ၄၁ဦမှာ ဗြိတိန်နိုင်ငံသား ၁၀ ဦး၊ ဩစတြေလျနိုင်ငံသား ၇ ဦး၊ မလေးရှားနိုင်ငံသား ၇ ဦးနှင့် ဖိလစ်ပိုင် နိုင်ငံသား ၄ ဦးတို့ပါဝင်ကြတယ်လို့အက်ဒီနမ်ကပြောပါတယ်။

သူကခရီးသည်တစ်ဦးချင်းအလိုက်ကုသနေရတဲ့အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။ စင်္ကာပူလေကြောင်လိုင်းခရီးစဉ် အမှတ် SQ321 ဟာ အင်္ဂါနေ့ကမြန်မာနိုင်ငံအပေါ်မှဖြတ်ကျော်ပျံသန်းစဉ် အလွန်ပြင်းထန်တဲ့လေပွေကြမ်းနှင့်ရင်ဆိုင်တိုးခဲ့ရပြီး နောက်  ခရီးသည်တစ်ဦးဟာ နှလုံးဖောက်သေဆုံးခဲ့ရကာ ဒါဇင်ပေါင်းများစွာထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။

ခရီးသည်တွေအနက် ခရီသည် ၁၄၀ကျော်ကတော့ ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ရေးလေယဉ်ဖြင့် စင်ကာပူကို ရောက်ရှိသွားခဲ့ကြပြီးဖြစ်ပါတယ်။

Source Reuters