အထူး စီးပွားရေးသုံးသပ်ချက် (ဘာသာပြန်)

၁၂ မေ ၂၀၂၄

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ၂၀၂၅ခုနှစ်တွင် အိန္ဒိယသည် ဂျပန်ကိုကျော်ဖြတ် ကာ ကမ္ဘာ့စီးပွားရေးအင်အားအကောင်းဆုံး စတုတ္ထမြောက်နိုင်ငံအဖြစ်ရောက်ရှိလာမယ်လို့ ကြေညာ ခဲ့တဲ့အပေါ် တိုကျိုဟာ အတော်တုန်လှုပ်သွားခဲ့ပါတယ်။ ဂျပန်ဟာ ၂၀၁၀ခုနှစ်အထိ ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး ဒုတိယမြောက်နိုင်ငံအဖြစ် ပြိုင်ဘက်မရှိနေလာခဲ့ရာမှ ယခုဆို အဆင့် (၅)သို့ လျောကျ သက်ဆင်းရတော့မှာဖြစ်ပါတယ်။

အိုင်အမ်အက်ဖ်က ဧပြီလကုန်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အိန္ဒိယရဲ့ ဂျီဒီပီ(ပြည်တွင်းအသားတင် ထုတ်လုပ်မှု) ဟာ ၂၀၂၅ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၄.၃၄ ထရီလီယံကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဂျပန်ရဲ့  ဂျီဒီပီ အမေရိကန်ဒေါ်လာ ၄.၃၄ ထရီလီယံကို ဖြတ်ကျော်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့စတုတ္ထမြောက်စီးပွာရေးအင်အားကြီးနိုင်ငံအဖြစ် ယခင်အိုင်အမ်အက်ဖ် ခန့်မှန်း  ချက်ထက် တစ်နှစ်စောပြီး ရောက်ရှိသွားတာဖြစ်ပါတယ်။ ဂျပန်ယမ်းငွေ အားနည်းလာခြင်းကြောင့် အိန္ဒိယဟာ တစ်နှစ်စောပြီး ကမ္ဘာ့အဆင့် ၄ ဖြစ်လာရတော့မှာပါ။

ဂျပန်ဟာ ကမ္ဘာ့စီးပွားရေးမှာ ရပ်တည်တဲ့အဆင့် တောက်လျောက်ကျဆင်းနေခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ် မှာ ဂျပန်ဟာ ဂျာမနီရဲ့နောက်ကိုရောက်သွားရပါတယ်။ အိန္ဒိယဟာ လာမယ့်နှစ်မှာ ဂျပန်ကိုဖြတ်ကျော် တက်ဖွယ်ရှိနေတာဟာ ဂျပန်အတွက် ၂၀၁၀ တုန်းက တရုတ်က ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအဆင့် စီးပွးရေးအင်အားကြီးဖြစ်သွားတုန်းကလိုပဲ အတော်တုန်လှုပ်စရာဖြစ်နေပါတယ်။

“ ဂျပန်အတွက် ဒါဟာ စိတ်ပူစရာ အကြီးကြီးပဲ။ ဒါပေမယ့် လူနည်းနည်းလောက်ကပဲ ဒါကို ပွင့်ပွင်းလင်း လင်းပြောကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သိပ်ရှက်စရာကောင်းပြီး ဖြေရှင်းရခက်နေလို့ပဲ” လို့ ဖူဂျစ်ဆု ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ထောက်လှမ်းရေးဌာနရဲ့ မူဝါဒစီးပွားရေးပညာရှင်ချုပ် မာတင်ရှိုးက ပြောပါ တယ်။

ဂျပန်ရင်ဆိုင်နေရတဲ့ ပြဿနာကို ရှင်ဇိုအားဘေး ၂၀၁၂ မှာ ဝန်ကြီးချုပ်ဖြစ်ကတည်းက သူက သတိမူမိခဲ့ တာပါ။ အဲဒါကြောင့်သူဟာ အာဘေးနိုမစ်လို့အမည်ပေးထားတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်  တွေကို ကြေညာခဲ့ပါတယ်လို့ ရှိုးကပြောပါတယ်။

သူဟာ မြှားသုံးစင်းမူဝါဒကိုချမှတ်ကျင့်သုံးခဲ့ရာမှာ မြှားနှစ်စင်းဖြစ်တဲ့ ဂျပန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ  ဖြေလျော့ဖို့နှင့် အစိုးရရဲ့အသုံးစရိတ်တွေကနေတစ်ဆင့် ဘဏ္ဍာငွေကြေးလှုပ်နိုးဖို့က အောင်မြင်မှု အတော်ကလေးရခဲ့ပါတယ်။ ဒါပေမယ့် တတိယမြှားဖြစ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေး ကတော့ အောင်မြင်မှုနှင့်အလှမ်းဝေးခဲ့ရပါတယ်။

“ အာဘေးနိုမစ်ရဲ့ စိတ်ကူးကြီးတစ်ခုလုံးက စီးပွားရေးတွေတက်လာအောင် မောင်းနှင်ပေးဖို့ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေးကလည်း ထုတ်လုပ်မှုစွမ်းအားကို တွန်းပေးဖို့ လိုအပ်နေတယ်။ အဲဒါက သက်ကြီးရွယ်အိုတွေများနေပြီး အပြောင်းအလဲကိုခုခံဆန့်ကျင်နေကြတဲ့ ဂျပန် နိုင်ငံအတွက် လုပ်ရတော်တော်ခက်တယ်။ ဒစ်ဂျစ်တယ်ပြောင်းလဲရေးအတွက်ကလည်း လူတွေဟာ နည်းလမ်းဟောင်းကြီးတွေနှင့်ပဲ နှစ်များစွာအသားကျနေကြတာ့ ခက်ခဲတယ်” လို့ သူက ဆက်ပြောပါ တယ်။

အခြားနိုင်ငံတွေလိုပါပဲ ကိုဗစ်-၁၉ ကပ်ဘေးနှင့် ယူကရိန်းက ရုရှားစစ်ပွဲကလည်း ဂျပန်စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးရေး (အိုအီးစီဒီ) အဖွဲ့က မေလ ၂ရက်မှာ ထုတ်  ပြန်တဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုတိုးတက်မှု သုံးသပ်ချက်ကလည်း တိုကျိုအတွက် ဖိအားထပ်ဖြစ်စေပါတယ်။

အိုအီးစီဒီက တစ်ကမ္ဘာလုံးကို စီးပွားရေးတိုးတက်မှု ၃.၁ ရာခိုင်နှုန်းရှိတယ်လို့ခန့်မှန်းလိုက်ရာ အဲဒါဟာ ဖေဖော်ဝါရီတုန်းက သူတို့ထုတ်ပြန်တဲ့အစီရင်ခံစာထက် ၂.၉ ရာခိုင်နှုန်းတက်လာတာဖြစ်ပါတယ်။ အမေရိကန်နှင့်တရုတ်တို့ဟာလည်း ယခင်ခန့်မှန်းတာထက်ကျော်လွန်တိုးတက်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဂျပန်ရဲ့စီးပွားရေးတိုးတက်မှုကိုတော့ ၀.၅ ရာခိုင်နှုန်းပဲ တိုးလာပြီး ၁ရာခိုင်နှုန်းလို့ အဲဒီ ပါရီ အခြေစိုက်အဖွဲ့အစည်းကြီးက ခန့်မှန်းထားပါတယ်။

ဂျပန်ရဲ့ စီးပွားရေး မအီမသာဖြစ်ရဲ့အချို့အချက်တွေဟာ ဆယ်စုနှစ်သုံးစု စီးပွားရေး တံ့နေတာနှင့် ချိတ်ဆက်နေတယ်လို့ တိုကျိုမှာရှိတဲ့ နစ်ကိုပိုင်ဆိုင်မှုပစ္စည်းစီမံခန့်ခွဲရေးကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာပညာရှင်နှင့် အုပ်ချုပ်မှုဒါရိုက်တာ နာအိုမီဖလင့်ခ်ကပြောပါတယ်။

“  အမေရိကန်နှင့် ဂျပန်တို့ဟာ ဖွံ့ဖြိုးပြီးဈေးကွက်တွေဖြစ်နေလို့ ထွန်းသစ်စဈေးကွက်တွေဖြစ်တဲ့ တရုတ် နှင့်အိန္ဒိယတို့လို ခပ်မြန်မြန်တိုးတက်လာဖို့ မမျှော်လင့်နိုင်ဘူး။ အဲဒီနိုင်ငံတွေမှာ အလယ်အလတ်တန်းစား တွေဟာ ဂျီဒီပီတိုးတက်လာနေပြီး အခြေခံအဆောက်အအုံတွေ ဆက်တည်ဆောက်နေတုန်းဖြစ်တယ်” သူမက ဂျာမန်မီဒီယာ DW ကိုပြောပါတယ်။

“ ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ထွန်းသစ်စဈေးကွက်နိုင်ငံတွေထက် တိုးတက်မှုနှေးကွေးတာဟာ ပုံမှန်ဖြစ်တယ်။  တိုးတက်မှုနှေးကွေးပြီးမှသာ သူတို့ကို ဖွံ့ဖြိုးတိုးတက်မှုမျှခြေတစ်ခုကိုရောက်လိမ့်မယ်” လို့ ဖလင့်က ဖြည့်စွက်ပြောပါတယ်။

ဂျပန်နိုင်ငံအနေနှင့် အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ သော့ချက်က ထုတ်လုပ်မှုစွမ်းရည်တိုးတက်မှုမှာ ရင်းနှီးမြှပ်နှံဖို့ပဲဖြစ်ပါတယ်။ အဲဒါတွေက နည်းပညာ၊လူသားအရင်းအနှီးတွေပြီးတော့ စီးပွားရေးလုပ်ငန် စဉ်တွေမှာ တိုးတက်မှုတွေဖြစ်ပါတယ်။ စီးပွားရေးချဲ့ထွင်မှုအတွက် လူဦးရေးတိုးတက်မှုဟာ အခြေခံ ကျတဲ့ မောင်းနှင်အားအဖြစ်ဆက်တည်ရှိတော့မှာမဟုတ်ပါဘူး။

အိန္ဒိယရဲ့ အခြေံခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု၊ အလယ်အလတ်တန်းလွှာခပ်မြန်မြန်ဖွံဖြိုးကြီးထွား လာမှုတွေဟာ ဂျပန်နှင့် မဟပ်စပ်ပါဘူးလို့ ဖလင့်ခ်ကပြောပါတယ်။ လွန်ခဲ့တဲ့ ၁၂နှစ်အတွင် ဂျပန် ယန်းငွေဟာ ယူရိုငွေနှင့် တန်ဖိုး စောက်ထိုးကျဆင်းလာခဲ့တာဟာ ဂျာမနီက ဂျပန်ကိုကျော်ဖြတ်သွားရတဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ဂျပန်ယန်းငွေ ချိနဲ့နေတာဟာ ဂျပန်အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပါတယ်လို့ ရှိုးကပြောပါတယ်။

“ ယန်းငွေဟာ အဓိကပြဿနာဖြစ်လာနေတယ်။ အတိတ်တုန်းကအစိုးရဟာ အဲဒါပြန်တက်လာဖို့ ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ ဒါ အခုမှဖြစ်တာမဟုတ်ဘူး” လို့ သူကပြောပါတယ်။ ဈေးကွက်စွက်ဖက်မှုဟာ အလကားပဲ။ အတိုးနှုန်းတွေ ငြိမ်နေသမျှ ဒီအတိုင်းဆက်ရှိနေမှာပဲ” လို့သူကဆက်ပြော ပါတယ်။

ဂျပန်ဗဟိုဘဏ်အနေနှင့် ပိုပြီးတင်းကြပ်တဲ့ ငွေကြေးမူဝါဒကို ချမှတ်သင့်ပြီး ထုတ်လုပ်မှုစွမ်းအားတွေ တက်လာဖို့ အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ ပညာရှင်တွေက အဖြေထုတ်ထားကြပါတယ်။

ဖလင့်ကတော့ တိုးတက်မှုတွေရှိလာနိုင်တယ်လို့ ချိန်ချိန်ဆဆနှင့်အကောင်းမြင်နေပါတယ်။

“ ဂျပန်အတွက် အဓိက ပန်းတိုင်က မည်ကာမတ္တ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့မဟုတ်ဘူး။ကုန်ပစ္စည်းတွေ ငွေကြေးဖောင်းပွမှုလျှော့ချနိုင်ဖို့နှင့် လက်ရှိ ဖွံဖြိုးတိုးတက်မှုအလားအလာနိမ့်ကျနေတာကို တက်လာ အောင်လုပ်ဖို့ပဲဖြစ်တယ်” လို့ သူမကဆက်ပြောပါတယ်။

Source DW

@ymg/knl