Published 30 April 2024

အမေရိကန် မြောက်ကယ်ရိုလိုင်းနား ချာလော့မှာ တနင်္လာက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေစဥ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် အမေရိကန် ဥပဒေစိုးမိုးရေး ထိပ်သီးအရာရှိ မာရှယ်လ်တစ်ဦးနဲ့ ရဲအရာရှိ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ချာလော့-မက်ခ်လင်ဘာ့ဂ် ရဲတပ်ဖွဲ့အကြီးအကဲ ဂျန်နီဂျင်နင်းစ်က သူ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ၃၂ နှစ်တာ ကာလအတွင်း တရားဥပဒေစိုးမိုးရေးအတွက်တော့ အထိအခိုက် အများဆုံးနေ့ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။

ပြည်သူတွေဘေးကင်းစေဖို့ တာဝန်ထမ်းဆောင်နေတဲ့ သူရဲကောင်းအချို့ကို ယနေ့ဆုံးရှုံးလိုက်ရတယ်လို့ ဂျင်နင်းစ်က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

လက်နက်ကိုင်ဆောင်မှုဖြင့် စီရင်ချက်ထားတဲ့ ရာဇဝတ်သားတစ်ယောက်ကို ရဲအရာရှိတွေက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းစဥ် ချာလော့မြို့လယ် အနောက်ဘက် မိနစ် ၂၀ ခန့်အကွာရှိ လူနေလမ်းတစ်ခုမှာ နေ့လယ်တစ်နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဂယ်လ်ဝေးဒရိုက်ဗ်ရှိ နေအိမ်တစ်ခုကို ရောက်တဲ့အခါမှာ အိမ်ထဲကနေ သေနတ်ပစ်ခတ်သဖြင့် အမေရိကန်မာရှယ်လ်များမှ ပြန်လည်ပစ်ခတ်ခဲ့ရပါတယ်။

ပစ်ခတ်မှုပြီးဆုံးချိန်မှာ ခြံရှေ့နားပဲ ဝရမ်းပြေးတရားခံ သေဆုံးနေခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

အိမ်နားကို ထပ်ပြီးကပ်သွားတဲ့အခါ အထဲကနေ ထပ်မံပစ်ခတ်ခဲ့ပါတယ်။

CMPD မှ SWAT အဖွဲ့နဲ့ ကင်းလှည့်အဖွဲ့များ လာရောက်ကူညီခဲ့ပြီး အိမ်ကိုရှင်းလင်းရှာဖွေနိုင်ခဲ့ရာ နောက်ထပ်တရားခံ ၂ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အိမ်ထဲမှာ ဆယ်ကျော်သက်အရွယ် ကလေး အနည်းဆုံး ၁ ယောက်ရှိနေခဲ့တယ်လို့ CMPD က ပြောပါတယ်။

ပစ်ခတ်စဥ်အတွင်း အရာရှိတွေ ဘယ်လိုထိခိုက်သေဆုံးသွားလဲ ဆိုတာကိုတော့ သေချာမသိရပါဘူး။

သေဆုံးသူများအပြင် အမေရိကန် ဥပဒေစိုးမိုးရေးအရာရှိ တစ်ဦးနဲ့ CMPD မှ အရာရှိ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အရာရှိတစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။

ဘယ်လိုသေနတ် အမျိုးအစားတွေနဲ့ ပစ်ခတ်သလဲဆိုတာ သေချာမသိရသေးပေမယ့် တစ်ဦးကတော့ ပြင်းအားမြင့်ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဂျင်နင်းစ်က ဆိုပါတယ်။

ဒီမြို့ကို ဘေးကင်းအောင် ကြိုးပမ်းပေးကြတဲ့ အရာရှိတွေကို ဂုဏ်ပြုလေးစားအပ်ကြောင်း ချာလော့မြို့တော်ဝန် ဗီလိုင်းစ်က ဝမ်းနည်းစွာပြောကြားသွားပါတယ်။
Source: New York Post
#World_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group