၂၄ ဧပြီ ၂၀၂၄

တောင်ကိုးရီးယားနိုင်ငံသား ၁၀ ဦးတွင် ၆ ဦးသည် တစ်နှစ်ကို စာအုပ်တစ်အုပ်ထက်ပင် လျော့နည်းပြီး သာ စာဖတ်ရှုနေကြတယ်လို့ တောင်ကိုးရီးယားရဲ့ယဉ်ကျေးမှု၊အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လတ်တလော စစ်တမ်းများအရသိရပါတယ်။

အဆိုပါစစ်တမ်းအရ ၂၀၂၂ခုနှစ် စက်တင်ဘာမှ ၂၀၂၃ ဩဂုတ်လအတွင်း တောင်ကိုရီးယားလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းသည် စာအုပ်တစ်အုပ်ထက် လျော့နည်းဖတ်ရှုနေကြတယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် အလားတူ စစ်တမ်းနှင့်နှိုင်းယှဉ်ကြည့်ရင် ၄.၅ ရာခိုင်နှုန်းထပ်မံကျဆင်းသွားတာဖြစ်ပါတယ်။ ယခုတွေ့ရှိချက်ဟာ ၁၉၉၄ခုနှစ်ကတည်းက အစိုးရက ကောက်ယူတဲ့ စာဖတ်ရှုနှုန်းစစ်တမ်းတွေထဲမှာ ယခုတွေရှိချက်ဟာ ဖတ်ရှုမှုအနည်းဆုံးလို့ သိရပါတယ်။ ၁၉၉၄ခုနှစ်တုန်းက လူဦးရေရဲ့ ၈၆.၈ ရာခိုင်နှုန်းဟာ တစ်နှစ်ကို အနည်းဆုံးစာအုပ်တစ်အုပ်ဖတ်ခဲ့တာဖြစ်ပါတယ်။

ယင်းစစ်တမ်းကို အရွယ်ရောက်ပြီးသူ ၅၀၀၀ နှင့် ကျောင်းသူကျောင်းသား ၂၄၀၀ကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ယခုနောက်ဆုံးကောက်ယူတဲ့စစ်တမ်းအရ တောင်ကိုရီးယားလူဦးရေရဲ့ ၃၂.၃ ရာခိုင်နှုန်းကသာ တစ်နှစ်ကို စာအုပ်တစ်အုပ် အနည်းဆုံးဖတ်ရှုနေတယ်လို့တွေ့ရှိခဲ့ပါတယ်။

စာဖတ်မှု အကျဆုံးအသက်အရွယ်အုပ်စုဟာ အသက် ၆၀နှင့်အထက်တွေဖြစ်ကြပြီး ယမန်နှစ်က စစ်တမ်းမှာ သူတို့ထဲက ၂၃.၈ရာခိုင်နှုန်းဟာ တစ်နှစ်ကိုစာအုပ်တစ်အုပ်အနည်းဆုံးဖတ်ခဲ့ကြရာမှ ယခု နောက်ဆုံးစစ်တမ်းမှာ ၁၅.၇ ရာခိုင်နှုန်းသို့ကျဆင်းသွားပါတယ်။

အသက်ငယ်ရွယ်သူ အသက် ၁၉နှစ်နှင့် ၂၉နှစ်အကြားဟာ စာအုပ်အဖတ်အများဆုံးဖြစ်ကြပြီး အဲဒီအသက်အုပ်စုထဲက ၇၄.၅ ရာခိုင်နှုန်းဟာ တစ်နှစ်ကို စာအုပ်တစ်အုပ်တော့ဖတ်ကြပါတယ်။ အသက် ၃၀ အရွယ်တွေရဲ့ ၆၈ ရာခိုင်နှုန်းနှင့် အသက် ၄၀အရွယ်တွေရဲ့ ၄၇.၉ ရာခိုင်နှုန်းဟာ တစ်နှစ်ကို စာအုပ် တစ်အုပ်ဖတ်ကြပါတယ်။

စစ်တမ်းအရ ဝင်ငွေနည်းတဲ့သူတွေဟာ စာဖတ်ဖို့သိပ်မရှိကြပါဘူး။ တစ်လကို ဝမ်၅သန်း (ဒေါ်လာ ၃၆၀၀) ရရှိသူတွေရဲ့ ၅၄.၇ ရာခိုင်နှုန်းခန့်ဟာ တစ်နှစ်ကိုစာအုပ်တစ်အုပ်လောက်ဖတ်ကြပေမယ့် လစဉ် ဝင်ငွေ ဝမ်နှစ်သန်းနှင့်အောက် ရသူတွေရဲ့ ၉.၈ ရာခိုင်နှုန်းကသာ တစ်နှစ်ကိုစာအုပ်တစ်အုပ်ဖတ်ကြတာ တွေ့ရှိရပါတယ်။  ပျှမ်းမျှအားဖြင့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးဟာ ၂၀၂၂မှာ တစ်နှစ်ကို ဝင်ငွေ ဝမ် ၄၂.၁ သန်းရရှိကြလို့ ပျမ်းမျှအားဖြင့် တစ်လကို ဝမ်၃.၆သန်းရရှိနေတာဖြစ်ပါတယ်။

ပျှမ်းမျှအားဖြင့်တော့ တောင်ကိုရီးယားတစ်ဦးဟာ တစ်နှစ်ကို စာအုပ် ၃.၉ အုပ်ဖတ်ကြတယ်လို့ လတ်တလောစစ်တမ်းအရသိရပြီး ဒါဟာ ၂၀၂၁ခုနှင့်ယှဉ်ရင် ၀.၆ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေဟာ တစ်နှစ်ကို စက္ကူစာအုပ်တစ်အုပ်နှင့် အီးလက်ထရွန်းနစ်စာအုပ် (အီးဘွတ်ခ်) ၁.၂ အုပ် ပျှမ်းမျှအားဖြင့် ဝယ်ယူနေကြပါတယ်။ အလုပ်ရက်တွေမှာ တစ်ရက်ကို ၁၈.၅ မိနစ် စာဖတ်ကြပြီး ရုံးပိတ်ရက် စနေ၊တနင်္ဂနွေတွေမှာတော့ ၂၅ မိနစ်ဖတ်နေကြပါတယ်။

ဘာကြောင့်စာမဖတ်ဖြစ်ကြရသလဲလို့စစ်တမ်းကောက်တဲ့အခါ  ၂၄.၄ ရာခိုင်နှုန်းက အလုပ်လုပ်နေရလို့ စာဖတ်ဖို့အချိန်မရှိပါလို့ဖြေကြပြီး  ၂၃.၄ ရာခိုင်နှုန်းက စမတ်ဖုန်းတွေနှင့် အခြား မီဒီယာတွေသုံးနေလို့ လို့ ဖြေကြပါတယ်။ ၁၁. ၃ ရာခိုင်နှုန်းကတော့ “စာဖတ်ဝါသနာမပါလို့” လို့ဖြေကြပါတယ်။

အရွယ်ရောက်သူတွေနှင့် မတူခြားနားစွာ ကျောင်းသူကျောင်းသားတွေရဲ့ ၉၀ရာခိုင်နှုန်းကျော်ကတော့ တစ်နှစ်ကို စာအုပ်တစ်အုပ်အနည်းဆုံးဖတ်နေကြပြီး အဲဒီရာခိုင်နှုန်းဟာ နှစ်အလိုက်အပြောင်းအလဲ သိပ်မရှိဘဲ ငြိမ်နေပါတယ်။’

ပျှမ်းမျှအားဖြင့် တောင်ကိုရီးယားကျောင်းသူကျောင်းသားတွေဟာ တစ်နှစ်ကို စာအုပ် ၃၆အုပ်ခန့်ဖတ် နေကြပြီး ၂၀၂၁ ရာခိုင်နှုန်းထက် ၁.၆ ရာခိုင်နှုန်းတက်လာပါတယ်။ သူတို့ဟာ တနင်္လာမှသောကြအထိ တစ်ရက်ကို ၈၂.၆ မိနစ်ခန့် စာဖတ်နေကြပါတယ်။စနေနှင့်တနင်္ဂနွေတွေမှာ တစ်ရက်ကို ၈၉ မိနစ်ဖတ်ရှုနေကြကြောင်း စစ်တမ်းအရသိရပါတယ်။ကျောင်းသူကျောင်းသားတွေဖတ်တဲ့စာအုပ်စာရင်း ထဲမှာ ပြဋ္ဌာန်းစာအုပ်တွေနှင့် လေ့လာသင်ယူရတဲ့ မဂ္ဂဇင်းတွေ၊ကာတွန်းတွေနှင့် အခြားစာအုပ်တွေ ကိုထည့်သွင်းတွက်ချက်မထားကြောင်း သတင်းမှာဖော်ပြထားပါတယ်။

Source: The Korea Herald