#World_News
Published 10 April 2024


လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်က အီရန်ကနေ ယီမင်ရှိ ဟူသီတပ်ဖွဲ့များသို့ ပို့ဆောင်နေစဥ် သိမ်းဆည်းရမိခဲ့တဲ့ ခြေလျင်တပ်ဖွဲ့ လက်နက်ထောင်ချီနဲ့ ခဲယမ်းပေါင်း ၅ သိန်းကျော်ကို အမေရိကန်က ယူကရိန်းထံသို့ ပေးပို့ခဲ့ကြောင်း အမေရိကန်စစ်တပ်က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ဒါဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူရန် ကြိုးပမ်းနေတဲ့ ယူကရိန်းအတွက် အမေရိကန်အစိုးရကနေ ယခုနောက်ဆုံး စစ်ရေးထောက်ပံ့မှုကြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့မှုကြီးအတွက် အောက်လွှတ်တော် ဥက္ကဌ မိုက်ခ်ဂျွန်ဆန်က မဲဆန္ဒဖြင့်ဆုံးဖြတ်ရန် ငြင်းဆန်နေတာကြောင့် အမေရိကန်လက်နက်တွေကို ယူကရိန်းထံပေးပို့မယ့် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစီအစဥ်တွေ အရာမထင်ဖြစ်နေပါတယ်။

 

ယူကရိန်းတပ်တွေက လက်နက်နဲ့ ခဲယမ်းတွေ လျော့နည်းလာတာကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။

 

ဧပြီ ၄ ရက်နေ့က အမေရိကန်ကနေ ယူကရိန်းသို့ ပေးပို့လိုက်တဲ့ လက်နက်တွေဟာ ယူကရိန်းတပ်ဖွဲ့တစ်ဖွဲ့အတွက်တော့ လုံလောက်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

 

ကုလသမဂ္ဂဆိုင်ရာ အီရန်သံတမန်ကိုယ်စားလှယ်ကတော့ ထိုလက်နက်ခဲယမ်းတွေဟာ အီရန်တွေရဲ့ပစ္စည်း မဟုတ်တဲ့အတွက် ဘာမှမပြောလိုဘူးလို့ ဆိုလိုက်ပါတယ်။

 

ထိုလက်နက်တွေထဲမှာ AK-47 ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ စနိုက်ပါရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ၅ ထော်ကျော်နဲ့ ခဲယမ်းပေါင်း ၅ သိန်းကျော် ပါဝင်ကြောင်း CENTCOM က ဖော်ပြထားပါတယ်။

 

ထိုလက်နက်တွေကို ၂၀၂၁ မေလ ၂၂ ရက်နေ့မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၅  ရက်နေ့အတွင်း မည်သည့်နိုင်ငံမှ ပိုင်ဆိုင်ခြင်းမရှိတဲ့ သင်္ဘော ၄ စင်းကနေ အမေရိကန် စစ်သင်္ဘောတွေနဲ့ မိတ်ဖက်တပ်များမှ တားဆီးခဲ့ကြပြီး သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

 

ထိုလက်နက်တွေကို အီရန်အစ္စလာမ် တော်လှန်ရေးအစောင့်တပ်မှ ဟူသီတပ်ဖွဲ့များထံ ပေးပို့ခဲ့တာဖြစ်ကြောင်း CENTCOM က ဖော်ပြထားပါတယ်။

 

#World_News #ယူကရိန်းထံသို့အမေရိကန်ပေးပို့ထောက်ပံ့ #Source: Reuters