Published 27 March 2024
ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ်လူနာဟာ မျိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဝက်ကနေ ကျောက်ကပ်အသစ် လက်ခံခွဲစိတ်ခဲ့တဲ့ ပထမဆုံးလူသား ဖြစ်လာကြောင်း မာဆာချူဆက်စ် အထွေထွေဆေးရုံမှ ဆရာဝန်များက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုဟာ ၄ နာရီကြာမြင့်ခဲ့ပြီး မှတ်ကျောက်တစ်ခု ဖြစ်ခဲ့ပါတယ်။

ရစ်ချတ်စလေးမန်းလို့ခေါ်တဲ့ လူနာဟာ ပြန်လည်သက်သာလာပြီး မကြာခင် ဆေးရုံမှဆင်းနိုင်တော့မှာ ဖြစ်ကြောင်း ဆေးရုံက ပြောပြပါတယ်။

စလေးမန်းဟာ ၇ နှစ်ကြာ ကျောက်ကပ်အရည် စွန့်ထုတ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ထိုဆေးရုံမှာပဲ လူသားကျောက်ကပ်ဖြင့် အစားထိုးခွဲစိတ်ခဲ့ပေမယ့် ၅ နှစ်အကြာမှာ ထိုကျောက်ကပ်ပျက်စီးသွားခဲ့ပြီး ကျောက်ကပ်အရည် စွန့်ထုတ်ခြင်း ပြန်လုပ်ခဲ့ရပါတယ်။

မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ဟာ လက်ခံရယူမယ်လူသားကို အန္တရာယ်ဖြစ်စေမယ့် မျိုးဗီဇများကို ဖယ်ရှားထားပြီး လူသားနဲ့ ကိုက်ညီမှုရှိစေရန် အချို့သောမျိုးဗီဇများကို ထည့်သွင်းထားပါတယ်။

ဒါ့အပြင် လူသားများကို ကူးစက်နိုင်စေမယ့် ဗိုင်းရပ်စ်များကိုလည်း ဖယ်ရှားထားပါတယ်။

ဝက်အင်္ဂါကို လူနာရဲ့ခုခံအားစနစ်မှ လက်မခံတာမျိုး မဖြစ်ရအောင် အချို့သောဆေးဝါးများလည်း အသုံးပြုရပါတယ်။

ယခုလိုမျိုး သတ္တဝါတစ်မျိုးရဲ့ အတွင်းအင်္ဂါများကို အခြားသတ္တဝါတစ်မျိုးထဲသို့ အစားထိုးခွဲစိတ်ခြင်းနည်းလမ်းဟာ ကမ္ဘာတဝှမ်းမှာ ကိုယ်တွင်းအင်္ဂါ ရှားပါးပြတ်လပ်လာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။

#Source: The Jerusalem Post.
#World_Health
Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group