#WorldHealth

Published -  1 December 2021

ကိုဗစ်ရောဂါ နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရသူတွေက ပထမအကြိမ်ရောဂါဖြစ်ပွားချိန်ကထက် ဆေးရုံတက်ကုသရမှုနဲ့ အသက်သေဆုံးမှု ဖြစ်နိုင်ချေနည်းပါးသွားကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၂၀၂၀ နွေဦးတုန်းက ကာတာနိုင်ငံက ရောဂါကူးစက်မှုတွေနဲ့ ၂၀၂၁ ဆောင်းတွင်းနဲ့ နွေဦးအချိန်တွေက ကူးစက်မှုတွေကို သုတေသီတွေက လေ့လာသုံးသပ်ခဲ့ကြပါတယ်။
ကိုဗစ်ရောဂါကို ဒုတိယအကြိမ်ကူးစက်ခံရတဲ့သူတွေက ရောဂါပြင်းထန်စွာခံစားရမှုနဲ့ အသက်သေဆုံးမှုတို့မှာ ပထမအကြိမ်ကူးစက်ခံရခြင်းတုန်းကထက် ၉၀ ရာခိုင်နှုန်းနည်းပါးသွားကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကာတာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဝေးလ်ကော်နယ်ဆေးပညာကောလိပ်တို့က ရောဂါထပ်မံကူးစက်ခြင်းဟာ ရှားပါးဖြစ်စဉ်ဖြစ်ပြီး ရောဂါပြင်းထန်စွာခံစားရမှုက ပိုပြီးရှားပါးကြောင်း ပြောထားပါတယ်။

နယူးအင်္ဂလန်ဆေးပညာဂျာနယ်ရဲ့ ဗုဒ္ဓဟူးနေ့ကဖော်ပြချက်မှာ ၂၀၂၀ ဖေဖော်ဝါရီ ၂၈ ရက်မှ ၂၀၂၁ ဧပရယ် ၂၈ အတွင်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ လူပေါင်း ၃၅၃၀၀၀ ကို လေ့လာခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါ ထပ်မံကူးစက်ခံရတဲ့လူနာ ၁၃၀၀ ကို အသက်အရွယ် ကျားမ နိုင်ငံသားအလိုက် ခွဲခြားသတ်မှတ်ထားတဲ့ ပထမဆုံးအကြိမ်ရောဂါဖြစ်ပွားသူ ၅ ဦးအထိ ယှဉ်တွဲလေ့လာခဲ့ပါတယ်။

လူတစ်ဦးရဲ့ ပထမအကြိမ်ရောဂါကူးစက်ခြင်းနဲ့ နောက်တဖန်ကူးစက်ခြင်းတိုဟာ ၉ လကွာခြားကြောင်း သတ်မှတ်နိုင်ပါတယ်။နောက်တဖန်ရောဂါကူးစက်သူ ၄ ဦး(၀.၃ ရာခိုင်နှုန်း)သာ ရောဂါပြင်းထန်ခဲ့ပြီး ပထမဆုံးအကြိမ်ရောဂါကူးစက်သူတွေရဲ့ ၂.၅ ရာခိုင်နှုန်းက ရောဂါပြင်းထန်ခဲ့ပါတယ်။

ပထမဆုံးအကြိမ်ရောဂါဖြစ်ပွားသူတွေထဲက ၀.၄ ရာခိုင်နှုန်းက အဆိုးရွားဆုံးရောဂါခံစားရပြီး ၀.၁ ရာခိုင်နှုန်းက အသက်သေဆုံးခဲ့ပါတယ်။ရောဂါထပ်မံဖြစ်ပွားသူတွေထဲက ရောဂါဆိုးဆိုးရွားရွားခံစားရမှုနဲ့ အသက်သေဆုံးမှု မရှိခဲ့ပါဘူး။

ဒါကြောင့် ပထမအကြိမ်ရောဂါကူးစက်သူတွေထက်စာရင် ရောဂါထပ်မံကူးစက်ဖြစ်ပွားသူတွေက ဆေးရုံတက်ကုသရမှု၊ အထူးကြပ်မတ်ကုသရမှုနဲ့ အသက်သေဆုံးမှုတို့မှာ ၉၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။

ဒီအချက်အလက်တွေဟာ တခြားနိုင်ငံတွေလောက် ရာသီဥတုအေးချမ်းခြင်းမရှိတဲ့ ကာတာနိုင်ငံမှာ လေ့လာထားခြင်းသာ ဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိကမ္ဘာတဝန်းမှာ ကူးစက်ပျံ့ပွားနေတဲ့ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်သူတွေကို လေ့လာထားခြင်းမျိုးလည်း မပါဝင်ခဲ့ပါဘူး။
ရောဂါထပ်မံဖြစ်ပွားသူတွေမှာ antibody ခုခံအား ဘယ်လောက်အထိ ကြာရှည်စွာရှိနေမလဲဆိုတာကို လေ့လာဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။

ဆောက်သ်ဖလော်ရီဒါတက္ကသိုလ်မှ ဒေါက်တာကာမီကင်မ်က လူတိုင်းလူတိုင်း ကာကွယ်ဆေးထိုးထားသင့်ကြောင်း အကြံပြုထားပါတယ်။ရောဂါပိုးကူးစက်ခံရပြီးသူတွေက နောက်ထပ်ရောဂါမကူးစက်နိုင်ဘူးလို့ မယူဆသင့်ကြောင်းလည်း ဆိုပါတယ်။
Source: Dailymail