Published 26 February 2024

အစ္စရေးလ်နိုင်ငံ ဘားအီလန်တက္ကသိုလ်မှ သုတေသီများက ဓာတ်ခွဲခန်းထုတ် ဝှေးစေ့များဖန်တီးကာ အမျိုးသားများ မျိုးမပွားနိုင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်နေပါတယ်။

ကြွက်ဝှေးစေ့မှ ထုတ်ယူထားတဲ့ ဆဲလ်များဖြင့် အင်္ဂါတုများ ဖန်တီးခဲ့တာဖြစ်ပြီး ကြွက်တွေရဲ့ သဘာဝဝှေးစေ့ လုပ်ဆောင်ချက် တည်ဆောက်ပုံတွေအတိုင်း ဆင်တူနေပါတယ်။

ဒေါက်တာ နစ်ဇန်ဂိုနင်ဦးဆောင်တဲ့ သုတေသီအဖွဲ့က မျိုးမပွားနိုင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ရန် လူသားပင်မစတမ်ဆဲလ်တွေကနေ လူသားဝှေးစေ့လိုမျိုး ရရှိအောင် ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

သုတ်ပိုးနည်းပါးခြင်း၊ ပုံစံမူမမှန်ခြင်းတို့ကြောင့် မြုံတာဖြစ်တယ်လို့ သိထားကြပေမယ့် ဘာအကြောင်းကြောင့်လဲ၊ ဘယ်လိုဗီဇပြောင်းလဲမှုကြောင့်လဲ၊ ဝှေးစေ့လုပ်ဆောင်ချက်တွေ ဘာတွေပြောင်းသွားလဲ ဆိုတာတွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုတော့ ဖန်တီးထားတဲ့ အင်္ဂါတုတွေနဲ့ လေ့လာနိုင်တော့မယ်လို့ ဂိုနင်က ဆိုပါတယ်။

ဇီဝပညာရှင်တွေဟာ ပင်မစတမ်ဆဲလ်ကနေ ဦးနှောက်၊ ကျောက်ကပ်၊ အူတို့နဲ့ ဆင်တူတဲ့ သုံးဖက်မြင် အင်္ဂါတုတွေကိုလည်း ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

ကြွက်ဝှေးစေ့တုတွေဟာ အချိန် ၉ ပတ်လောက်အထိ ကောင်းစွာလုပ်ဆောင်နိုင်ပြီး သုတ်ပိုးဖြစ်ပေါ်ရန် လုံလောက်တဲ့ အချိန်ပမာဏ ဖြစ်ပါတယ်။

ဝှေးစေ့တွေရဲ့ အဓိကလုပ်ဆောင်ချက် ၂ မျိုးက သုတ်ပိုးဆဲလ်များ ထုတ်လုပ်၊ သိုလှောင်၊ ရင့်မှည့်ခြင်းနဲ့ တက်စ်တိုစတီရုန်း ဟော်မုန်းထုတ်လုပ်ခြင်းတို့ ဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းမှာလည်း ဒီနည်းပညာကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ တိရိစ္ဆာန် အထီးအမတွေကို ရရှိနိုင်ပြီး ထုတ်လုပ်ရေးပိုင်းမှာ တိုးတက်စေနိုင်တယ်လို့ ဆိုလိုက်ပါတယ်။
Source: New York Post
#World_Science
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group