#World_Military
Published 27 May 2023


နောက်ထပ်တက်လာမယ့် နေတိုး(NATO)အဖွဲ့ရဲ့ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်မှုအရှိန်မြင့်တက်နေပေမယ့် နောက်ကွယ်မှာ အပြိုင်အဆိုင်ဖြစ်နေကြကာ ဘယ်သူအနိုင်ရရှိမလဲဆိုတာ မသိရသေးပါဘူး။

နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကြီးရဲ့ အထွေထွေအတွင်းရေးမှူး နော်ဝေးလူမျိုး'ယန်းစ်စတိုလ်တင်ဘာ့ဂ်'ဟာ ထိုရာထူးမှာ ၉ နှစ်ကြာတာဝန်ယူပြီးနောက် စက်တင်ဘာလကုန်မှာ နုတ်ထွက်ရန်စီစဉ်ထားပါတယ်။

 

ဇူလိုင်လလယ်ခန့် လစ်သူရေးနီးယားမှာပြုလုပ်မယ့် နေတိုးထိပ်သီးအစည်းအဝေးပွဲမတိုင်မီ သူ့နေရာမှာဆက်ခံမယ့်သူထွက်ပေါ်ဖို့ကို မဟာမိတ်အဖွဲ့ဝင်အများစုက လိုလားကြပါတယ်။

 

ဒါဟာ အမေရိကန်ကစပြီး အဖွဲ့ဝင်အသစ် ဖင်လန်နဲ့တူရကီတို့အထိပါဝင်တဲ့ နေတိုးအဖွဲ့ဝင် ၃၁ နိုင်ငံအတွက် ခေါင်းဆောင်သစ်ရွေးချယ်ဖို့ လိုအပ်တဲ့ဘုံသဘောတူညီချက်ပုံဖော်ရန် အချိန်များများစားစား ရှိမနေပါဘူး။

 

စတိုလ်တင်ဘာ့ဂ်ကိုပင် စတုတ္ထအကြိမ်သက်တမ်းတိုးဖို့ တောင်းဆိုနိုင်ဖွယ်လည်း ရှိပါတယ်။

 

ဒီလိုမျိုးအရေးကြီးကာလမှာ ဘယ်သူပဲရာထူးရသည်ဖြစ်စေ မဟာမိတ်များကိုအတူတကွစုစည်းပြီး ယူကရိန်းကိုထောက်ပံ့ရမှာဖြစ်သလို တစ်ဖက်မှာလည်း နေတိုးကို ရုရှားစစ်ပွဲထဲ တိုက်ရိုက်ပါဝင်ခြင်းမရှိစေရန်နဲ့ တင်းမာမှုမြင့်တက်လာခြင်းကို ကာကွယ်ရန်လည်း တာဝန်ရှိနေပါတယ်။

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီး'ဘင်ဝေါလေ့စ်'က ထိုရာထူးကို စိတ်ဝင်စားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

 

အချို့အစိုးရအဖွဲ့တွေက ပထမဆုံးအမျိုးသမီးနေတိုးအထွေထွေအတွင်းရေးမှူးတင်မြောက်ရန် တွန်းအားပေးနေကြပြီး ဒီအတွက် ဒိန်းမတ်ဝန်ကြီးချုပ်'မက်တီဖရက်ဒရစ်ဆင်' ထွက်ပေါ်လာပါတယ်။

 

ဒါဟာ လူအများနဲ့သက်ဆိုင်ပေမယ့် ယှဉ်ပြိုင်မှုက အတော်ကိုထင်သာမြင်သာမရှိဘဲ ခေါင်းဆောင်တွေနဲ့ သံတမန်တွေကြား ဆွေးနွေးညှိနှိုင်းမှုတွေက အဓိကကျနေပါတယ်။

 

နေတိုးအဖွဲ့ဝင်အားလုံး သဘောတူညီချက်မရမချင်း ဆက်လက်ညှိနှိုင်းနေကြဦးမှာဖြစ်ပါတယ်။


နိုင်ငံရေး၊ ပြောဆိုဆက်ဆံရေး၊ သံတမန်ရေးတို့မှာ အလွန်ကျွမ်းကျင်တဲ့သူကို ခေါင်းဆောင်များကရှာဖွေနေကြကြောင်း ၃၈ နှစ်ကြာလက်တွဲထမ်းဆောင်ခဲ့တဲ့ နေတိုးအကြီးတန်းအရာရှိဟောင်း'ဂျင်မီရှီးယား'က ပြောကြားလိုက်ပါတယ်။

 

ပြင်သစ်လိုနိုင်ငံမျိုးက နေတိုးနဲ့ ဥရောပသမဂ္ဂကြား နီးနီးစပ်စပ်ပူးပေါင်းဆောင်ရွက်နိုင်ရန် အီးယူနိုင်ငံတစ်ခုခုမှ ပုဂ္ဂိုလ်ကိုအလိုရှိနေပါတယ်။

 

ဖရက်ဒရစ်ဆင်ဟာ အထက်ပါလိုအပ်ချက်အားလုံးနဲ့ ကိုက်ညီနေပြီး နောက်ကွယ်မှာ သူမအကြောင်း အလေးအနက်ထားစဉ်းစားနေကြပါတယ်။

 

အက်စ်တိုးနီးယားဝန်ကြီးချုပ်၊ ဥရောပကော်မရှင်ဥက္ကဌ၊ ကနေဒါဝန်ကြီးချုပ်၊ နယ်သာလန်ဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်တို့ဟာလည်း စဉ်းစားရမယ့်စာရင်းထဲမှာ ပါဝင်နေကြပါတယ်။



ထောက်ခံမှုအများအပြားရရှိတဲ့ ယှဉ်ပြိုင်သူနည်းပါးတာကြောင့် စတိုလ်တင်ဘာ့ဂ်ကပဲ နောက်ထပ်သက်တမ်းတိုးနိုင်ချေလည်း ရှိနေပါတယ်။

 

Source: Reuters #World_Military #နေတိုးခေါင်းဆောင်သစ်နေရာ
#YMG #Yangon_Media_Group