Published_ 14 December 2023

(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင် ရက်သတ္တပတ်သို့ မြန်မာနိုင်ငံမှ ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါဖျော်ဖြေပွဲ၌ မြန်မာ့ဇာတ်သဘင်အဖွဲ့ဝင်များက မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေး၊ နှစ်ပါးသွားအက၊ မဟော်သဓာဇာတ် စသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပသည့် (၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ်သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဖိုးချစ်တို့ ဦးဆောင်သည့် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။

(၁၀)ကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၃ ရက်နေ့၌ ကျင်းပခဲ့ပြီးနောက် ၇-၁၂-၂၀၂၃ ရက်နေ့တွင် Guangxi Culture and Art Center ၌ မြန်မာ့ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့၏ ဇာတ်သဘင်ဖျော်ဖြေပွဲကို ကျင်းပခဲ့ရာ နန်နင်း ကွန်မြူနစ်ပါတီကော်မတီ အမြဲတမ်း အဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Zhao Yongfu နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ Ms. Fan Qin စသည့်အရာရှိကြီးများ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ကောင်စစ် ဝန်ချုပ်ရုံး မိသားစုများ၊ ကောင်စစ်ဝန်ချုပ်ရုံးမှ ဖိတ်ကြားထားသော နန်နင်းမြို့ရှိ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစု တက္ကသိုလ်၌ မြန်မာဘာသာ သင်ယူနေသည့် တရုတ်ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ပညာတော်သင် ရောက်ရှိနေသော မြန်မာကျောင်းသား/သူများ၊ နန်နင်းအခြေစိုက် Panorama မဂ္ဂဇင်းမှ သတင်းမီဒီယာအဖွဲ့များ စသဖြင့် ဧည့်ပရိသတ် (၄၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လာရောက်ကြည့်ရှုကြသည့် တရုတ်၊ မြန်မာပရိသတ်များအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး ကွမ်ရှီးမီဒီယာများတွင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တရုတ်-အာဆီယံ (နန်နင်း) ဇာတ်သဘင်ရက်သတ္တပတ် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၁၀ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Published_ 14 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group