#Local_News
Published_ 08 November 2023


တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုအဖြစ် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းများအတွက် ‘လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်’ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

 

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုသည် မြန်မာနိုင်ငံ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်တည်ရှိပြီး စုစုပေါင်းစက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်ကာ အဆိုပါဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးမည်ဖြစ်သည်ဟုဆိုသည်။

 

တရုတ်ကုမ္ပဏီဖြစ်သည့် POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ပူးပေါင်း ဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် တရုတ်နိုင်ငံမှ Myanmar Kyeeonkyeewa Solar Power.Co.,Ltd /Myanmar Kindar Solar Power.Co.,Ltd/ Myanmar Satoketayar Solar Power.Co.,Ltdတို့အကြား ကြီးအုံကြီးဝ(၃၀ မဂ္ဂါဝပ်)၊ ကင်းတား(၃၀မဂ္ဂါဝပ်)နှင့် စေတုတ္ထရာ(၃၀မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၃)ခုအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

 

အခမ်းအနား၌ သံအမတ်ကြီး Mr. Chen Hai နှင့် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းတို့ အမှာစကား ပြောကြားရာ တွင် သက်ဆိုင်ရာ နေရောင်ခြည်စွမ်းအင်သုံး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ တိုးတက်မှုရရှိခြင်းကို ချီးကျူးခဲ့ပြီး တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေး၍ မြန်မာပြည်သူများအတွက် ပိုများသည့် အကျိုးစီးပွားများသယ်ဆောင် လာမည့်သဘောထားကို ပြောကြားခဲ့သည်။

 

သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်လည်းတွေ့ဆုံ၍ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည် ဖော်ဆောင်ရေး၊ တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်”ကိုကူညီပေးဖြေရှင်းပေးရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှု အတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

#Local_News #တရုတ်-မြန်မာ #နေရောင်ခြည်သုံးဓာတ်အားပေး #tthl #Yangon_Times