မဲခေါင်ဒေသနိုင်ငံများဖြစ်တဲ့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် (၆)နိုင်ငံက မီဒီယာများ တက်ရောက်ခဲ့သော တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လန်ချန်း-မဲခေါင် (၁၀)ရက်ကြာ ခရီးစဥ်အတွင်း ဇူလိုင်(၄)ရက်မှာ ခရီးစဉ်နောက်ဆုံးနေ့အဖြစ် ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိသော တောင်ပေါ် လေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။

အဆိုပါစီမံကိန်းမှာ တရုတ်နိုင်ငံအတွင်း တောင်ပေါ်ဒေသမှာ တည်ဆောက်ထားသော လေအားတာဘိုင် စီမံကိန်းများတွင် အကြီးဆုံးဖြစ်တယ်လို့သိရပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲတောင်ပေါ်ဒေသတွေ အမြန်ဆုံးဖွံ့ဖြိုးစေဖို့ လေတိုက်နှုန်းကောင်းတဲ့ တောင်ပေါ်ဒေသတွေမှာ အဆင့်မြင့်လေအားတာဘိုင်များကို အသုံးပြုကာ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေခြင်းပဲဖြစ်ပါတယ်။

ယူနန်ပြည်နယ် ဖူယွမ်ခရိုင်ရှိ မဂ္ဂါဝပ် ၈၀၀ ထွက်ရှိမယ့် တောင်ပေါ် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းဟာဆိုရင် ၂၀၂၃ ခုနှစ် မေလ ၈ ရက်မှာ စီမံကိန်းကို အပြည့်အဝလည်ပတ်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်းမှာဆိုရင် ၆ ဒသမ ၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်တဲ့ လေအားတာဘိုင်ပေါင်း ၁၃၅ ခု တည်ဆောက်ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတာဖြစ်ပါတယ်။

လေအားတာဘိုင်တစ်ခုကနေ လျှပ်စစ်ဓာတ်အား ၆ ဒသမ ၇ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ တာဘိုင်တစ်ခုရဲ့ ဗဟိုချက်အမြင့် (ပင်မတိုင်)ကို ၁၁၀ မီတာ၊ မော်တာအချင်း ၁၉၁ မီတာနဲ့ အမြင့်ဆုံးအလေးချိန် တန် ၁၅၀ အထိ တည်ဆောက်ခဲ့ရတာဖြစ်ပြီး တရုတ်နိုင်ငံမှာ လေရဟတ်တာဘိုင်များ ဆောက်လုပ်မှုစံချိန်သစ် ‌ရေးထိုးနိုင်ခဲ့တာဖြစ်တယ်လို့လည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။

အဆိုပါစီမံကိန်းကနေ တရုတ်နိုင်ငံရဲ့ မဟာဓာတ်အားလိုင်းသို့ နှစ်စဥ် လျှပ်စစ်ဓာတ်အား ၂,၀၆၀ ဂစ်ဂါဝပ်နာရီ(GWh) ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အခွန်ငွေ ယွမ်သန်း ၁၀၀ ကျော်ရရှိမယ်လို့ မျှော်မှန်းထားတာပါ။ ဒါ့အပြင် စံကျောက်မီးသွေးတန်ချိန် ၆၄၁,၀၀၀ ကို ကယ်တင်နိုင်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁ ဒသမ ၇ သန်းကျော်နှင့် ဆာဖာဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁,၁၀၀ ကျော် ‌လျော့ကျစေမှာဖြစ်တယ်လို့ ဖော်ပြထားတဲ့ အချက်အလက်များအရ သိရပါတယ်။

ဒီလိုစံချိန်အသစ်တွေ ရေးထိုးနိုင်ခဲ့တဲ့ လေအားလျှပ်စစ်စီမံကိန်းကိုတော့ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတစ်ခုဖြစ်သော နိုင်ငံတော်လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းလီမိတက်(SPIC)ရဲ့ SPIC Yunnan International Power Investment Co., Ltd (SPICYN)က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

SPIC က PV စွမ်းအင်၊ လေအားလျှပ်စစ်၊ နျူကလီးယားစွမ်းအင်၊ ရေအားလျှပ်စစ်၊ ကျောက်မီးသွေးစွမ်းအင်၊ သဘာဝဓါတ်ငွေ့စွမ်းအင်နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့စွမ်းအင်မျိုးဆက်နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် စီမံကိန်းတွေထဲက တစ်ခုအဖြစ် SPICYN ကနေ မြန်မာပြည်မြောက်ပိုင်း ချီဖွေမြို့နယ်အတွင်း ဧရာဝတီမြစ်အဖျားပိုင်းတွင် အဓိကစတင်မြစ်ဖျားခံရာမေခမြစ်ရဲ့  မြစ်လက်တက်ဖြစ်သော ချီဖွေမြစ်ပေါ်မှာ ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းကတော့ ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော စက်တပ်ဆင်ထားပြီး စက်ရုံကနေထွက်ရှိသော လျှပ်စစ်ဓာတ်အားရဲ့ ၆၉ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ ထောက်ပံ့ပေးထားတာဖြစ်ပြီး  ၂၀၂၂ ခုနှစ် နှစ်အကုန်အထိ မြန်မာနိုင်ငံမြောက်ပိုင်း ဓာတ်အားကွန်ယက်စနစ်အတွင်းသို့ ၁၉,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ပို့လွှတ်ပေးနိုင်ခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။

ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းက ပန်းဝါစစ်ဆေးရေးဂိတ်မှ ကီလိုမီတာ ၈၀ နဲ့ မြစ်ကြီးနားမြို့မှ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး ကချင်ပြည်နယ်အတွင်း အဓိကရေထောက်ပံ့ရာစီမံကိန်းဖြစ်တာကြောင့် မြစ်ကြီးနားမြို့ရဲ့ မြို့ပြဧရိယာ၊ မိုးကောင်း၊ မိုးညှင်းနဲ့ ဖားကန့်နယ်မြေများကိုပါ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ခဲ့တာပါ။

ထို့အတူ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာလည်း တရုတ်-မြန်မာ ပူးပေါင်းပြီးတော့ လေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းမှု ခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အတွင်း အမ်းမြို့၊ ဂွမြို့နဲ့ သံတွဲမြို့တို့မှာ စုစု‌ပေါင်းမဂ္ဂါဝပ် ၃၆၀ ထွက်ရှိမယ့် လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် သဘောတူညီမှုစာချွန်လွှာ (MOA)ကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါ သဘောတူညီမှုစာချွန်လွှာ (MOA)အရ အမ်းလေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ဂွစီမံကိန်းရဲ့ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို စတင်ဆောင်ရွက်မှာဖြစ်ပြီးတော့ စီမံကိန်းသုံးခုလုံးကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရရှိတဲ့အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာတော့ သဘာဝဓာတ်ငွေ့မှ ၅၆ ရာခိုင်နှုန်း၊ ရေအားမှ ရာခိုင်နှုန်း ၄၀ ၊ ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ တစ်ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိပါတယ်။

 မြန်မာနိုင်ငံအနေဖြင့် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက် ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ကိုးရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေအားလျှပ်စစ် (Wind Energy) စတဲ့ ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်တွေကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတာဖြစ်ပါတယ်။

ဒီလို တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မယ့် လေအားလျှပ်စစ်စီမံကိန်းတွေကနေ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုအပေါ် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်နိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဇယျေ ရေးသားသည်