#LocalNews
Published - 16 Feb 2022
ကိုဗစ်ကြောင့် ပိတ်ထားသည့် တမူးမြို့ အဝင်အထွက်ဂိတ်များအားပြန်ဖွင့်ပေးလိုက်ပြီး ကုန်စည်စီးဆင်းမှုများနှင့် ခရီးသွားမှုတွေလည်း ပုံမှန်အတိုင်း ပြန်လည်စတင်နေပြီဖြစ်တယ်လို့ တမူးမြို့ ဒေသခံများထံမှ သိရပါတယ်။

ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန် အတည်ပြု လူနာများကို ပြီးခဲ့သည့် လပိုင်း အတွင်းမှာတမူးမြို့ မှာတွေ့ ရှိခဲ့တာကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ က တမူးမြို့ ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေ အပါအဝင် မြို့အဝင်၊အထွက် ဂိတ်များကိုပိတ်လိုက်ပြီး ရောဂါ ထိန်းချုပ်ရေးတွေကို ဆောင်ရွက်ခဲ့တာပါ။

ယခုအခါမှာတော့တမူးမြို့ မှာ ကိုဗစ်အတည်ပြုလူနာများလျော့နည်းလာပြီး ရောဂါကိုလည်း
ကာကွယ် ထိန်းချုပ်ထားလာနိုင်ပြီ ဖြစ်တဲ့အတွက် ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တမူးမြို့ အဝင်အထွက်ဂိတ်များကို ဒေသအာဏာပိုင်တွေက ( ဖေ ဖော်ဝါရီ ၁၄ ရက်)မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ဂိတ် တွေက ပြန်ဖွင့်လိုက်ပါပြီ။ အရင်လို ပုံမှန်အတိုင်းဘဲသွားလာ နေကြပြီ။ ကုန်စည်စီးဆင်းမှု တွေလည်း ပြန်လုပ် နေကြပြီ။ ခရီးသွားလာတာ တွေလည်း ပြန်ရှိလာပါပြီ။ ခရီးသည်တင်ယာဉ် တွေလည်း သွားလာနေကြပါပြီ ။ သူကရက်ကိုထပ်မတိုးတော့ဘဲ ဂိတ် တွေကို ပြန်ဖွင့်ပေးလိုက်တာပေါ့ နော်။ မြို့မှာကလည်း ကိုဗစ်တွေ့ မှု ကနည်းလာတယ်။ အခုဆိုရင် အတည်ပြုလူနာက ၄၀ ကျော် လောက်ဘဲကျန်တယ်။ ဒါကလည်း နောက်နှစ်ပတ် လောက်ဆိုရင် ကုန်ပါပြီ။ ခရီးသွားလာမယ့်သူတွေကတော့ ကိုဗစ်စစ် ပေါ့ နော်။ တချို့ စစ်ပြီးသားသူတွေကျတော့လည်း ကိုဗစ်ထောက်ခံချက်နဲ့ သွားလာကြပေါ့။
ဒီလိုပုံစံမျိုးနဲ့ ပြန်လည်သွားလာခွင့် တွေကို ပြုလိုက်တာပါ။"လို့ တမူးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိုမီခရွန် ရောဂါပိုးစတင် တွေ့ ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ တမူးမြို့တွင် ယနေ့ (ဖေ ဖော်ဝါရီ ၁၆ ရက် နေ့)အထိ ကိုဗစ်အတည်ပြု လူနာ ၄၁ ဦးသာကျန်ရှိတော့သည့် အတွက် ယခု ဖေဖော်ဝါရီလအတွင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာခွင့်တွေကို ယခင်လို
ပြန်လည်ဖွင့် လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တမူးမြို့ တွင် ယခုကူးစက်ခံနေရသော ရောဂါပိုးတွေ့လူနာများမှာ ဝေဒနာပြင်းထန်စွာခံစားနေရသောလူနာများမရှိဘဲ ယခု နောက်ပိုင်း စစ် ဆေးမှုရလဒ်များ အရလည်း ကိုဗစ်အတည်ပြုလူနာတွေ့ ရှိမှုနှုန်းက လျော့ကျလာတယ်လို့လည်း တမူးမြို့ ဒေသခံတွေက ပြောပြခဲ့ပါတယ်။

ထို့အပြင် ကျန်ရှိနေသည့် ပိုး တွေ့လူနာများကိုလည်းဆေးဝါးကုသမှုတွေကို ဆက်လက်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group