22 February 2024

ပြည်တွင်းစက္ကူလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူများထုတ်လုပ်ရန်ဆောင်ရွက်ရန်ရှိကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။

စပါး၏ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကမြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက "မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများအား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ်နှင့်စက္ကူ များထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်"ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် အခက်အခဲများစွာရှိသလို အခွင့်အလမ်းလည်း များစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group