#Local_News
Published 23 November 2023

 

ယခုနှစ် ဧပြီလ ၁ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာသန်း ၃ ဒသမ ၁ ဘီလီယံခန့် ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

 

ထိုသို့ကုန်သွယ်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၂၃၁ ဒသမ ၉၆၅ သန်း ပမာဏရှိသည့် ပို့ကုန်များ တင်ပို့ထားရှိပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ကန်ဒေါ်လာ ၁၀၂၁ ဒသမ ၇၈၈ သန်း ပမာဏရှိ ကုန်ပစ္စည်းများ ပြန်လည်တင်သွင်းထားကြောင်း သိရသည်။

 

'ထိုင်းဘက်ကို ဒီဘက်ကလယ်ယာထွက်ကုန်တို့ CMPအထည်တို့ တင်ပို့တာများတယ်၊ ဒီလတွေထဲတော့ ပြောင်းတင်ပို့တဲ့ကာလမဟုတ်တော့ ကုန်သွယ်မှုလျော့ပါတယ်'ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

ပြည်တွင်းမှ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများသည် အဓိက ပို့ကုန်အမယ်များဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်များနှင့် လျှပ်စစ်ပစ္စည်းများစသည့် ကုန်များအား ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

 

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအနေဖြင့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပြုလုပ်နေပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံး ကုန်သွယ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၅၃ ဒသမ ၇၅၃ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉၃ သန်း ပမာဏခန့် လျော့ကျသွား‌ကြောင်း သိရသည်။

 

#Local_News #ထိုင်းနယ်စပ်ကုန်သွယ်မှု #ဒေါ်လာ၃ဘီလီယံကျော်ရရှိ #YMG/ NN #Yangon_Times