Published_ 23 September 2023

၂၃ စက်တင်ဘာ ၂၀၂၃ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လအတွင်း ပြည်ပသို့ တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၂ သိန်းကျော်ခန့် တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ်အတွင်း ပြီးခဲ့သည့်လများတွင် ပြည်ပသို့ ဆန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့သော်လည်း လာမည့် ပွင့်လင်းရာသီကာလတွင်မူ ဆန်တင်ပို့မှုများ ပြန်မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

‘’အောက်တိုဘာလမှာ ပြည်ပကို ဆန်တန်ချိန် ၂ သိန်း၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာတော့ ပြည်ပကို ဆန်တန်ချိန် ၂ သိန်းခွဲစီ တင်ပို့နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်’’ ဟု ဦးရဲမင်းအောင်က ပြောသည်။

ပြီးခဲ့တဲ့နှစ်များက မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လစဉ် ဆန်တန်ချိန် ပျမ်းမျှ ၂ သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း ဆန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသည့်အတွက် တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် ၁ သိန်းအောက်သာ တင်ပို့နိုင်ခဲ့သည့် အခြေအနေရှိကြောင်း စီးပွား/ ကူးသန်း၏ အချက်အလက်များအရ သိရသည်။

လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှု ပိတ်ပင်ထားသဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပဆန်တင်ပို့မှုများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ၅ လအတွင်း မြန်မာနိုင်ငံက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၇၉,၀၀၀ ကျော်သာ တင်ပို့ထားပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ထက်ဝက်ကျော် လျော့ကျနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။
tkz/yt
#Local_News
#YMG #Yangon_Times #Yangon_Media_Group