Published 29 March 2023

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး”အပါအဝင် အခြားနေရာများတွင် ဓားပြတိုက်လူသတ်မှုကျူုးလွန်ခဲ့သူတွေကို ယနေ့ မတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၁၇၁၅ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၇၅)၊ ၈၅ (A)လမ်း၊ ၃၁x ၃၂ လမ်းကြားရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ရွှေဆိုင်ဝန်ထမ်း ၂ ဦးမှ ငွေကျပ်သိန်း ၁၅၀၀ အား စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် အမျိုးသား  ၃ ဦးဟာ မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် မိုးပေါ်ပစ်ဖောက်ကာ ငွေကျပ်သိန်း ၁၂၀၀ အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ပါသည်။ ထိုဖြစ်စဉ်ကို  လိုက်လံဖော်ထုတ်ရာမှ အခြားသော ဓားပြမှုများကိုပါ ဆက်လက်ဖော်ထုတ်ရခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၄ ဦးအားSigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည်၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း ၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြားနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အမှုကိုစုံစမ်းဖော်ထုတ်တဲ့အခါ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်မှာတပ်ဆင်ထားတဲ့  CCTV မှတ်တမ်းများအရ အဲဒီ အမျိုးသား ၃ ဦးဟာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကြေးတွေကို  ယာဉ်အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်)ဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။အဲဒါကြောင့်  အဆိုပါ ယာဉ်အား စုံစမ်းစစ်ဆေးရှာဖွေ ခဲ့ရာ ပြည်ကြီးတံခွန်မြို့ နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိခြံဝင်းအတွင်း ဆက်စပ်တရားခံ တင်စိုးနှင့်ကျော်တင်ဦး(ခ) ငပိန်တို့ ၂ ဦးအား ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်း အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၂၈ ရက် ညပိုင်းတွင်ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂တွင် တရားခံ ဆန်းဝင်း အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့ နယ်၊ မြစ်ငယ်မြို့၊ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ ကျော်နိုင် ၏ နေအိမ်မှ Sigsauer ပစ္စတို ၁ လက်၊Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက် မှုတွင် ပါရှိသွားသည့် ငွေကျပ် သိန်း ၆၀၀ ၊ ဘိန်းဖြူဟုယူဆရသောဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၁၈၀,၀၀၀ ပြားတို့အား သိမ်းဆည်း ရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန် မြို့နယ်၊၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တရားခံ တင်စိုး(ခ)ရခိုင် အား ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်နှင့် ဓါးပြတိုက်လုယက်မှု ၃ ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆန်းဝင်းခေါင်းဆောင်၍ တင်စိုး(ခ) ရခိုင်၊ တင်စိုး၊ ကျော်တင်ဦး(ခ)ငပိန်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင် တို့သည် ညောင်ပင်ကုန်းကျေးရွာ၊ (ဋ)ရပ်ကွက်ရှိ ဒေါ်ခင်လတ်ဆိုသူအမျိုးသမီးတစ်ဦး ၏ နေအိမ်အားဝင်ရောက်ဓားပြတိုက်လုယက်ခဲ့ကြောင်း၊ ထိုသို့ ဓားပြတိုက် လုယက်နေစဉ်ဒေါ်ခင်လတ် ၏မောင်ဖြစ်သူ ဒုရဲမှူး ဝင်းမင်းသန့် ရောက်ရှိ လာပြီး ၎င်းတို့အားလုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သဖြင့် တရားခံ ဆန်းဝင်း မှ ပစ္စတိုဖြင့် ၃ ချက်ပစ်၍လုပ်ကြံသတ်ဖြတ်ကာ နေအိမ်အတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၃ ကွင်း၊ရွှေလက်စွပ် ၄ ကွင်း၊ ငွေကျပ်သိန်း ၃၀၀ နှင့် ဒုရဲမှူး ဝင်းမင်းသန့် ကိုင်ဆောင်သည့်ခြောက်လုံးပြူး ၁ လက်တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်”သို့ သွားရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။

မတ်လ ၁၂ ရက်တွင် တရားခံ ဆန်းဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံတမောင်း တို့သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက် ရှိ“ဒေါ်တောမုန့်တီဆိုင်” သို့ သွားရောက်၍ ဆိုင်ပိုင်ရှင် ဒေါ်မာလွင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၁ ကွင်းနှင့်ရွှေလက်စွပ် ၁ ကွင်းတို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက်လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား … ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာ အနောက်ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ်သိန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါတယ်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆန်းဝင်း သည် ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်”သို့ သွားရောက် ရောင်းချစဉ် ဆိုင်အတွင်း၌ ငွေစက္ကူများအားဆာလာအိတ်ဖြင့် ထည့်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဆိုင်အား ဓားပြတိုက်ရန် စီစဉ်ခဲ့ပြီး ဓားပြတိုက်လုယက်ရာတွင် အသုံးပြုရန် Nissan (အနက်ရောင်) လိုင်စင်မဲ့ယာဉ် ၁ စီးအား ဝယ်ယူခဲ့ကြောင်းနှင့် တရားခံ ကျော်တင်ဦး(ခ)ငပိန်သည် ရွှေဆိုင်ဝန်ထမ်းများငွေစက္ကူများသယ်ယူမည့်အချိန်ကို ကြိုတင်စောင့်ကြည့်လေ့လာ၍ မတ်လ ၂၇ ရက်နေ့တွင် ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါတယ်။

တရားခံ ဆန်းဝင်း သည် ၁၉၉၄ခုနှစ်တွင် တာချီလိတ်မြို့၌ တရားမဝင်ရှေးဟောင်းပစ္စည်း ရောင်းဝယ်ပြုလုပ်မှုဖြင့်တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး ကျိုင်းတုံအကျဉ်းထောင်၌ ထောင်ဒဏ် ၃နှစ် ကျခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကလောမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ဘိန်းမဲ ၅ ပိဿာနှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် နှစ် ၃၀ ထပ်မံကျခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။

တရားခံတင်စိုး(ခ)ရခိုင်သည် ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မရဲစခန်း၌ ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်တွင်ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ်တွင် ပြစ်ဒဏ်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်ကြောင်းလည်းထပ်မံသိရှိရပါတယ်။

ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပစ္စတို ၂ လက်နှင့်ခဲယမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင်ဖယ်ခုံမြို့နယ်၊ လအိကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးရန်ကျန် တရားခံ မောင်ဆန်း ထံမှငွေကျပ် ၁၀၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဓားပြတိုက်လုယက်ယူဆောင်သွားသည့်ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင်လက်ခံဝယ်ယူခဲ့သည့် “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”ကိုလည်း တရားဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေး ၂ ဦးကိုလည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

-ymg/knl

#မန္တလေးရွှေဆိုင်ဓားပြတိုက်မှုတရားခံများမိ

#စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးရွှေဆိုင်ဓားပြများဖမ်းမိ

#YangonMediaGroup