Published_ 21 September 2023

မနက်ခင်း လုပ်ရိုးလုပ်စဥ်များက လူတစ်ယောက်ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်အပေါ် သက်ရောက်နေပါတယ်။

မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကိုင်တဲ့ အလေ့အကျင့်မျိုးတွေဟာ လူတွေ အသက်တိုရတဲ့ အကြောင်းအရင်း ဖြစ်နေနိုင်တယ်လို့ ပညာရှင်တစ်ဦးက ဆိုပါတယ်။

သက်ရှည်ကျန်းမာတဲ့ ဘဝပိုင်ဆိုင်နိုင်ရန်အတွက် မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လုပ်ရိုးလုပ်စဥ် နည်းလမ်း ၄ မျိုးကို အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာရူဘင်ချန်က အကြံပြုသွားပါတယ်။
 
အရင်ဆုံး စိတ်နဲ့ကိုယ်ကပ်အောင် ပြုလုပ်ပါ - အိပ်ရာနိုးပြီးနောက် ၁၀ - ၁၅ မိနစ်ခန့် တရားမှတ်ခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေမှာပါ။

ဒီနောက် မိမိအရည်အသွေး တိုးတက်စေမယ့်အရာမျိုးကို လေ့လာဆောင်ရွက်သင့်ပြီး အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပြုလုပ်ကာ အကြောလျှော့ပေးရမှာ ဖြစ်ပါတယ်။
 
မနက်စာမစားဘဲ မနေပါနှင့် - တစ်နေ့တာ လိုအပ်တဲ့အားအင်အတွက် အာဟာရရှိတဲ့ မနက်စာ စားသင့်ပါတယ်။

ကြက်ဥ၊ ထောပတ်သီး၊ ပေါင်မုန့်မီးကင်နဲ့ မြေပဲထောပတ်တို့က လိုအပ်တဲ့ အာဟာရ ပေးစွမ်းနိုင်မှာဖြစ်ပြီး သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တို့ကိုတော့ ရှောင်ရှားရမှာ ဖြစ်ပါတယ်။
 
ကော်ဖီမသောက်ခင် ရေဓာတ်အရင်ဖြည့်တင်းပါ - မနက်ခင်းမှာ ရေသောက်ပြီး ရေဓာတ်ဖြည့်ပေးဖို့က အလွန်အရေးကြီးပါတယ်။

တစ်နေ့တာလုံးမှာလည်း ရေဓာတ်ပြည့်ဝနေစေရန် သောက်သုံးသင့်ပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေလည်း စားသုံးနိုင်ပါတယ်။
 
အထက်ပါလုပ်ရိုးလုပ်စဥ်များကို နေ့စဥ်ပုံမှန်ပြုလုပ်ပါ - မနက်ခင်း ထိုကဲ့သို့ လုပ်ရိုးလုပ်စဥ်များကို စွဲစွဲမြဲမြဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ထိုအခါ ဖိစီးမှုတွေ လျော့ကျပြီး ကောင်းမွန်စွာ စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

လူအတော်များများက အခက်အခဲကိစ္စတွေနဲ့ နိုးထလာတတ်ကြတာကြောင့် မနက်ခင်းမှာ အချိန်အနည်းငယ်ပေးမယ်ဆိုရင် အဆင်ပြေစေမှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
#YMG #Yangon_Times #Yangon_Media_Group